DVB Logo
Home
မြန်မာသတင်း
နယ်စပ်တွင်ဘန်ကာများဆောက်လုပ်နေသည့်ကိစ္စ ဘင်္ဂလားဒေ့ရှ်သံအမတ်ကိုခေါ်ယူသတိပေး
DVB
·
May 24, 2018
နယ်စပ်တွင်ဘန်ကာများဆောက်လုပ်နေသည့်ကိစ္စ ဘင်္ဂလားဒေ့ရှ်သံအမတ်ကိုခေါ်ယူသတိပေး
Donate to DVB

 

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး တားမြစ်နယ်မြေမှာ   ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဘန်ကာတွေ ဆောက်လုပ်ထားတာကို ဖယ်ရှားပေးဖို့ မြန်မာအစိုးရက  ထပ်မံ သတိပေး တောင်းဆိုလိုက်ပါတယ်။

အမျိုးသားလုံခြုံရေး အကြံပေး ပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက  မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မန်ဂျူရယ် ကာရင်မ်ခန်းချောင်ဒဟူရီကို  မနေ့က ခေါ်ယူတွေ့ဆုံပြီး နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် အမှတ် (၃၄)နဲ့ (၃၅) အကြား နယ်စပ်လုံခြုံရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးကာ သတိထောက်လွှာပေးအပ်ခဲ့တာလို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

နယ်နိမိတ်မျဉ်းအနီးရှိ အဆောက်အအုံ မဆောက်လုပ်ရဖို့ တားမြစ်ထားတဲ့ ဧရိယာ အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘန်ကာတွေ ဆောက်လုပ်ထားတဲ့အပေါ် မြန်မာနိုင်ငံက ကန့်ကွက်ထားတဲ့ကိစ္စကို ပြည်ထောင်စုဝန်ကြီးက ထပ်လောင်း သတိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က အုတ်တွေနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို နယ်နိမိတ်မျဉ်းအနီးရှိ တားမြစ်ဧရိယာကို သယ်ဆောင်နေတဲ့ကိစ္စ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ပြည်ထောင်စု ၀န်ကြီးက ထောက်ပြခဲ့ပြီး ဒီလုပ်ရပ်ဟာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးအပေါ် ဆိုးကျိုး သက်ရောက်မှုတွေ  ဖြစ်ပေါ်လာစေနိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ဆောက်လုပ်ထားတဲ့ ဘန်ကာတွေ ဖယ်ရှားပေးရေးနဲ့ အခြား အဆောက်အအုံတွေ ဆောက်လုပ်မှုကို တားဆီး ပေးဖို့ မြန်မာဘက်က တောင်းဆိုခဲ့တဲ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ နှစ်နိုင်ငံ သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ လိုက်နာဖို့နဲ့  နှစ်နိုင်ငံအကြားနားလည်မှု လွဲမှားစေမယ့် လုပ်ရပ်တွေ လုပ်ဆောင်တာကို တားဆီးပေးဖို့လည်း တောင်းဆိုခဲ့တယ်လို့ အစိုးရသတင်းမှာဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မေလ ၁၆ ရက်ကလည်း ရခိုင်ပြည်နယ် (တောင်ပြို-၀ဲ ၀င်ထွက်) တံတားအနီးရှိ မြန်မာဘက်ခြမ်းမှာကျင်းပတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူးကလည်း  ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကို တရားဝင်ကန့်ကွက်ပြောကြားထားပြီးဖြစ်ပါတယ်။

နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး နေထိုင်ခွင့်မရှိတဲ့ နေရာမှာ လူဦးရေ၊ အိမ်ထောင်စုတွေ တရားမ၀င် တိုးပွားလာမှုကို သတင်းဖလှယ်မှုမရှိတာဟာ နှစ်နိုင်ငံအကြား ချုပ်ဆိုထားတဲ့ နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်တွေကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး နှစ်နိုင်ငံ တွေ့ဆုံပွဲ မှာ မြန်မာနိုင်ငံဘက်က တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါ တားမြစ်နေရာမှာ  မေလ ၆ ရက်မှ မေလ ၈ ရက်အထိ ယာယီတဲ အသစ် ၈ လုံး ဆောက်လုပ်ထားတာတွေ့ရကြောင်းနဲ့   ARSA အကြမ်းဖက်အဖွဲ့တွေ ရောနှောဝင်ရောက်လာကြောင်း သိရလို့ ကာကွယ် တားဆီးပေးဖို့လည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို တောင်းဆိုထားပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တပ်ရင်းမှူးက ပြန်လည်ဆွေးနွေးရာမှာ ၂၀၁၇ ခုနှစ် ဖြစ်စဉ် ဖြစ်ပြီးကတည်းက ရွှေ့ပြောင်းဒုက္ခသည်တွေ ခုအချိန်အထိ နယ်နိမိတ်မျဉ်းအနီးမှာ နေထိုင်နေကြပြီး ၎င်းတို့ဘက်မှ ထောက်ပံ့ပေးခဲ့မှုတွေမရှိကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး အဆောက်အဦနဲ့ ပတ်သက်ပြီး နယ်စပ်ရေးရာကိစ္စဖြစ်လို့ ပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

နေရပ်စွန့်ခွာသူတွေဟာ ကမ္ဘာ့အဖွဲ့အစည်းတွေက ထောက်ပံ့ပေးမှုကြောင့် ရပ်တည်နေရတာဖြစ်တယ်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် ကမ္ဘာ့အဖွဲ့အစည်းတွေအနေနဲ့ ထောက်ပံ့ပေးတာဖြစ်လို့ ကန်ကွက်လို့ မရဘူးလို့လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တပ်ရင်းမှူးက ပြောပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013