DVB Logo
Home
မေးမြန်းခန်း
ဘဏ်လုပ်ငန်းက နှစ်ပေါင်း ၅၀ လောက်နောက်ကျတော့ အခုမှ အစပျိုးနေတာ
DVB
·
June 27, 2012
ဘဏ်လုပ်ငန်းက နှစ်ပေါင်း ၅၀ လောက်နောက်ကျတော့ အခုမှ အစပျိုးနေတာ
Donate to DVB

လာမယ့် ဇူလိုင်လ ၂ရက်ကစပြီး  နိုင်ငံခြား ဘဏ်လုပ်ငန်းလုပ်ဖို့  အစိုးရ ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ် ၁၁ ဘဏ်ကို လုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေးလိုက်ပါတယ်။

နှစ်ပေါင်း ၅၀ လောက်  အစိုးရဘဏ်တခုတည်းကပဲ နိုင်ငံခြားငွေလုပ်ငန်းကို လုပ်ကိုင်နေရာက အခုလို ပုဂ္ဂလိက ဘဏ်တွေကို လုပ်ကိုင်ခွင့်ပြုလိုက်တော့ ဘယ်လိုအကျိုးကျေးဇူးတွေရှိလာနိုင်မလဲ၊ ဘယ်လို စိန်ခေါ်မှုတွေ တွေ့ကြုံလာနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်ကို ဆက်သွယ်မေးမြန်းထား ပါတယ်။

အန်ကယ်တို့ဘဏ်တွေ နိုင်ငံခြားငွေစာရင်း ဖွင့်လို့ ရပြီကြားလို့။

“ဖွင့်ခွင့်တော့ပေးလိုက်ပြီ။ သို့သော်လည်း တရားဝင် နိုင်ငံခြားသုံးငွေဖြစ်ရမယ်။ တရားဝင်ငွေကြေး ဖြစ်ရမယ်ဆိုရင် နိုင်ငံခြားက တရားဝင်ယူလာတာတို့ ပြည်တွင်းက တရားဝင်ရှိတဲ့ငွေတို့ကို လက်ခံရမယ်။ ဒါတွေဖြစ်ရမယ်။ ဒါပေမယ့် ဈေးကွက်ကနေ ၀ယ်ပြီး ထည့်တာတော့ ချက်ချင်း လက်ခံရခက်တယ်။ ကျနော်တို့ဆီမှာလည်း ဘဏ်မှာက ခုနက Anti money laundering law (တရားမ၀င် ငွေခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေ) ဆိုတာရှိတယ်။ တရားမ၀င် ရရှိတဲ့ မူးယစ်ဆေးဝါးကရတဲ့ငွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ၊ ဘဏ်ကလက်ခံလို့ မရဘူး၊ တဖက်ကလည်း ဂရုစိုက်ရမယ်။”

အန်ကယ် ခုနကပြောသလို ငွေမဲကနေ ငွေဖြူလုပ်ပြီး လာထည့်မယ့် ပုံစံကျတော့ အန်ကယ်တို့ ဘယ်လိုတားဆီးမလဲ။

“အဲဒါကျတော့ ခုနက ဒီမှာလည်း ထုတ်ထားပြီးပြီ၊ လူတိုင်း ငွေ ၁ သောင်းထိအောင် ကိုင်ဆောင်ခွင့် ရှိတာကို၊ အဲဒီထက်ပိုရင်တော့လည်း တရားဝင်တယ်လို့ ပြောလို့မရဘူး။ အထောက်အထား ပြရမယ်၊ အထောက်အထား မပြနိုင်ရင် လက်ခံရခက်တယ်။ အဲဒီသဘောမျိုး၊ နောက်ပိုင်းကျရင်တော့ တရားဝင်ငွေတွေ များလာမယ်ပေါ့။”

ပုဂ္ဂလိက ဘဏ်တွေမှာ နိုင်ငံခြားဘဏ်ငွေ စာရင်းဖွင့်ခွင့်ပြုလိုက်တော့ ရတဲ့ အကျိုးကျေးဇူးပေါ့၊ တချက် နှစ်ချက်လောက် ပြောပြပေးပါလား။

“အစိုးရဘဏ်တွေမှာ ဖွင့်ခွင့်ရတာကြာပြီ။ လုပ်ငန်းလုပ်တယ်ဆိုတဲ့ နေရာမှာ နိုင်ငံခြားကို တင်ပို့ချင်တယ်၊ ပြန်တင်သွင်းချင်တယ်ဆိုရင် အစိုးရဘဏ်တွေမှာပဲ လုပ်နေကြတာ။ အလုပ်က မဖြစ်ဘူး ကြန့်ကြာနေတယ်။ တပြည်လုံး အတိုင်းအတာနဲ့ ၂ ဘဏ်၊ ၃ ဘဏ်ထဲကို သွားပြီးတော့ လုပ်နေရတော့ နောက်ပိုင်း တိုင်းပြည်စီးပွားရေး တက်လာရင် လုပ်ငန်းတွေလည်း ကြီးလာမယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေလည်း များလာတော့မယ်ဆိုရင် ဘယ်လိုမှလုပ်လို့မရဘူး။ အဲဒီတော့ ပုဂ္ဂလိက ဘဏ်မှာလည်း လက်ခံဆောင်ရွက်ပေးရမယ်၊ လုပ်ငန်းက မြန်ဆန်လာမယ်၊ ကုန်ပစ္စည်း တင်ပို့ချင်လည်း မြန်လာမယ်၊ နိုင်ငံခြားငွေကြေး လှည့်လည်သုံးစွဲမှု မြန်လာရင် ဒုတိယ အဆင့် သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းတွေ နိုင်ငံခြားနဲ့ ကုန်သွယ်မှုလုပ်တာတို့ ဖြစ်လာမယ်။ ဒါတွေဖြစ်လာရင် နောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတာနဲ့ ပြည်တွင်းက ကုန်သွယ်ရေးတို့ စီးပွားရေးလည်ပတ်မှုတွေ အားကောင်းလာရင် ပုဂ္ဂလိက လုပ်ငန်းတွေက တဖက်တလမ်းကနေ အထောက်အကူ အများကြီးဖြစ်လာမယ်။ ဖွံဖြိုးရေးလုပ်ငန်းတွေလည်း ပြန်ပြီးတော့ သူ့အတွက်လည်း စီးပွားရေးလုပ်ငန်း ရတာပေါ့၊ အဲဒီသဘောတော့ ရှိတယ်။”

နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ရတဲ့၊ နိုင်ငံခြားဘဏ်လုပ်ကိုင်ခွင့်ရတဲ့ ပုဂ္ဂလိက ဘဏ်တွေ ဘက်မှာကော ဘယ်လိုပြဿနာတွေ ပေါ်လာနိုင်သလဲ၊ အဲဒီအပိုင်းလေး နည်းနည်းဆွေးနွေးပေးပါ။

“စိန်ခေါ်မှုလို့ ပြောလို့ရတာပေါ့။ လောလောဆယ် အန်ကယ်တို့လည်း နိုင်ငံခြားငွေကြေး လုပ်တတ်ကိုင်တတ်တဲ့ ၀န်ထမ်းတွေ ပျိုးထောင်ပေးနေတာ။ အဲဒါတော့ အချိန်နည်းနည်း လိုတယ်။ ကြားမှာအချိန်လိုတဲ့အတွက် အန်ကယ်တို့က နိုင်ငံခြားပညာရှင်တွေ၊ ဘဏ်လုပ်ငန်းကျွမ်းကျင် သူတွေကို ခေါ်သုံးရတယ်၊ ငှားရတယ်၊ ကိုယ့်နိုင်ငံသားတွေ နိုင်ငံခြား ရောက်နေတဲ့ ကျွမ်းကျင်တဲ့ သူများလည်း ခေါ်ချင်ပါတယ်။ လောလောဆယ်တော့ သိပ်မလာကြသေးဘူး။ လောလောဆယ် အရေးကြီးနေတော့ ဘဏ်လုပ်ငန်းတွေ အရေးကြီးတော့ ခေါ်မသုံးလို့ မရဘူး၊ ပြည်ပမှာရှိတဲ့ ဘဏ်လုပ်ငန်း ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေကို ခေါ်သုံးပါတယ်။ နိုင်ငံခြားသားတွေပေါ့။ ဒါလည်း စိန်ခေါ်မှုတခုပေါ့။ နောက်တခုက ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာ မရှိသေးဘူး။ ပူးပေါင်းလုပ်ဆောင်မယ့်အပိုင်းတွေမှာဆိုရင် နိုင်ငံခြားဘဏ်တွေနဲ့ ချိတ်ဆက်ရတော့မယ်၊ လုပ်ရတော့မယ်ဆိုတော့ စဉ်းစားနေတာက နိုင်ငံခြားဘဏ်နဲ့ ဖက်စပ်လုပ်မလား၊ ဒီကပြည်တွင်းဘဏ် နဲ့ နိုင်ငံခြားဘဏ်နဲ့ ဖက်စပ်လုပ်ငန်းတွေလုပ်ရင် သူတို့ဆီက ပညာလေးတွေ ရမလား၊ ဒါတွေလည်း စဉ်းစားနေတာ တချက်ပါတယ်။ ဘဏ်တင်မဟုတ်ဘူး၊ ဒီပြင်လုပ်ငန်းတွေ၊ ဥပမာ ဆေးရုံဆောက်တာတို့၊ ဆေးရုံဖွင့်လှစ်ပွဲအတွက် လုပ်တာတို့၊ နိုင်ငံခြားနဲ့ ပူးပေါင်းလုပ်တဲ့ ကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေးကော လုပ်ရတော့မယ်၊ ပညာရေးဆိုလည်း ပြည်ပ က ကောလိပ်တွေ ဒီမှာလာဖွင့်တာတို့ ဖြစ်လာမယ်၊ ဒါပေမယ့် ဖက်စပ်လုပ်မလား ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားနေတယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လာလို့ရှိရင် လက်ခံနိုင်တဲ့ ပုံစံလေးတွေတော့ စဉ်းစားနေပါတယ်။ သူတို့ဆီက နည်းပညာတွေရမယ်၊ ကျွမ်းကျင်မှု အကူအညီတွေရမယ်၊ ကိုယ့်ဝန်ထမ်းတွေလည်း တဖြေးဖြေး ကျွမ်းကျင်လာမယ်၊ အဲဒီလိုနည်းနဲ့ သွားရမယ်၊ ဒါကလည်း စိန်ခေါ်မှုတခုပဲ။”

တကယ်လို့သာ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်ဆိုရင် ဘဏ်လုပ်ငန်းတွေ မဖွံ့ဖြိုးသေးဘူး လို့ ပြောဆိုတာတွေရှိတော့ နောက်တပိုင်းက ဗဟိုဘဏ်ကိုလည်း သီးခြားရပ်တည်တဲ့ အဖွဲ့အဖြစ် ရပ်တည်ဖို့ စီးပွားရေးပညာရှင်တွေကအစ အကြံပြုထားတာတွေ ရှိတယ်။ ဗဟိုဘဏ် သီးခြားအနေနဲ့ ရပ်တည်ဖို့ကိစ္စက ကျနော်တို့ဆီမှာ ဘယ်လောက်ကြာနိုင်မလဲ။

“အခုကြားသလောက်တော့ ဘဏ်ဥပဒေလည်း ပြင်နေပြီ၊ ဘဏ်ဥပဒေ ပြန်ပြီး ပြင်ဆင်ချက်တွေ လုပ်နေပြီ၊ ဒါလည်း ဦးတည်တာက ဗဟိုဘဏ်ကို သီးခြားရပ်တည်ခွင့်ပေါ့၊ လုပ်ပိုင်ခွင့်လေးတွေ ပေးပြီးတော့ အရင်လို ဦးစံလင်းခေတ်တုန်းကလို နည်းနည်းပါးပါး လွတ်လွတ်လပ်လပ် လုပ်ပေးရတာပဲ။ အခုလည်း ဗဟိုဘဏ်က ဘဏ္ဍာအခွန်ဝန်ကြီး ဌာနလက်အောက်မှာ မဟုတ်ဘဲ သီးခြား လွတ်လပ်တဲ့ လုပ်ပိုင်ခွင့်လေးတွေ ရရင် မြန်မာ့ဘဏ်လုပ်ငန်းက တိုးတက်လာမယ့် အနေအထားတော့ ရှိတယ်။ ပြည်ပဘဏ်တွေမှာလည်း သူတို့က ယှဉ်ပြိုင်တဲ့အားတွေ တိုးတက်အောင် လုပ်ပေးရမယ်။ ဒါမှသာ သူတို့နိုင်ငံခြားက လာလို့ရှိရင် ကိုယ်လည်းယှဉ်ပြိုင်နိုင်မယ်၊ လောလောဆယ်တော့ မပြိုင်နိုင်သေးဘူး၊ ကိုယ်က ဘဏ်လုပ်ငန်း က တော်တော်နောက်ကျနေပြီ၊ နှစ်ပေါင်း ၅၀ လောက်နောက်ကျတော့ အခုမှ အစပျိုးနေတာ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013