DVB Logo
Home
Lead Story
မီဒီယာနဲ့ မသန်စွမ်း
DVB
·
May 23, 2018
မီဒီယာနဲ့ မသန်စွမ်း
Donate to DVB

မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က စီစဉ်ပေးတဲ့ Media Guideline Workshop for MJN Reporters အလုပ်ရုံ ဆွေးနွေးပွဲလေးတခု ပြီးခဲ့တဲ့ မေ ၁၂ ရက်က ကမ္ဘာအေးဘုရားလမ်းက မာကျူရီဟိုတယ်မှာ ပြုလုပ်ခဲ့တယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ အင်တာဗျူးတွေ လုပ်ရာမှာ ဘယ်လိုရေးသားရမလဲ၊ ဘယ်လိုအင်တာဗျူးရမလဲ၊ သင့်တော်တဲ့ အသုံးအနှုန်းတွေသုံးဖို့ ဆောင်ရန် ရှောင်ရန် လမ်းညွှန်ချက် စတာတွေနဲ့ ပတ်သက်လို့ မီဒီယာသမား အယောက် ၃၀ လောက် တက်ရောက် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲက အတော်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

မြန်မာနိုင်ငံဂျာနယ်လစ်ကွန်ရက်အဖွဲ့က လူသိများတဲ့ ဦးမြင့်ကျော်က အဖွင့်အမှာစကားနဲ့ အခမ်းအနား စတင်ခဲ့ပြီးတော့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်ရဲ့ ဥက္ကဋ္ဌ  ဦးအောင်ကိုမြင့်က မိတ်ဆက်စကား ပြောဆိုတယ်။

ဦးအောင်ကိုမြင့်ဟာ မျက်မမြင်တယောက်ဖြစ်ပြီး မသန်စွမ်းသူတွေအရေးမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူတဦးလည်း ဖြစ်ပါတယ်။ သူက မသန်စွမ်းအမျိုးအစား ဘယ်နှမျိုးရှိလဲ၊ မသန်စွမ်းအသုံးအနှုန်း (ခေတ်ဟောင်းနဲ့ ခေတ်သစ်) ဘာတွေ ဘယ်လိုကွာသွားလဲ ဆိုတာတွေကို ရှင်းလင်းတင်ပြခဲ့တယ်။

မသုံးသင့်တဲ့ စကားလုံးတွေနဲ့ သုံးသင့်တဲ့စကားလုံးတွေကိုလည်း မီဒီယာတွေက သတင်းသမားတွေသိအောင် တင်ပြခဲ့တယ်။ ဥပမာအနေနဲ့ ပြောရရင် အအ၊ ဆွံ့အနားမကြား၊ အကန်း၊ အကျိုး၊ မသန်မစွမ်း၊ ကျပ်မပြည့်နဲ့ ပြားကိုးဆယ် စတဲ့ စကားလုံးတွေဟာ မသန်စွမ်းသူတွေအတွက် ခွဲခြားနှိမ့်ချရာရောက်တဲ့ စကားလုံးတွေဖြစ်လို့ မသုံးသင့်တဲ့အကြောင်း ပြောသွားပါတယ်။

သုံးသင့်တာကတော့ မသန်စွမ်း၊ နားမကြား၊ မျက်မမြင်၊ ကိုယ်အင်္ဂါမသန်စွမ်း၊ ဉာဏ်ရည်မသန်စွမ်းတို့ ဖြစ်တယ်။ ဒါမျိုး သုံးစွဲတာဟာ အသင့်လျော်ဆုံးလို့ ဦးအောင်ကိုမြင့်က ရှင်းပြခဲ့တယ်။

မသန်စွမ်းသူတွေအပေါ် သနားတယ်ဆိုတဲ့ ခံစားမှုအမြင်ထက် မသန်စွမ်းသူတွေအတွက် လူ့အသိုင်းအဝိုင်းမှာ ဝင်ဆန့်နိုင်အောင် အားလုံးလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။

ဆွေးနွေးပွဲ မွန်းလွဲပိုင်းမှာတော့ မသန်စွမ်းသူတွေနဲ့ပတ်သက်ပြီး ဘယ်လိုသတင်းရယူ မေးမြန်းနိုင်မလဲဆိုတာကို မသန်စွမ်း အကြံပေးတဦးဖြစ်တဲ့ လူမှုဝန်ထမ်းအရာရှိဟောင်း ဒေါ်ယုယုဆွေက တင်ဆက်ပြတယ်။

အဲဒါတွေကတော့ မီဒီယာလောကက သတင်းသမားတွေအတွက် သတင်းရယူရာမှာ ကောင်းတဲ့ နည်းလမ်းအသစ် ဖြစ်တယ်။ သတင်းသမားတွေ သိထားသင့်တဲ့ မသန်စွမ်းသူတွေအတွက် မီဒီယာလမ်းညွန်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) သတင်းဆောင်းပါးများ၊ ရုပ်သံဇာတ်လမ်းများ ဖော်ပြခြင်း

- မသန်စွမ်းမှုအား အလေးပေးဖော်ပြခြင်း မပြုသင့်ပါ။

- မသန်စွမ်းသူများရဲ့ ရင်တွင်းဆန္ဒကို ဖော်ထုတ်ခွင့်ပေးပါ။

- မသန်စွမ်းသူများကို လူမှုအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတရပ်အဖြစ် ရှုမြင်ပါ။

- မသန်စွမ်းသူများကို ထူးခြားသောအစွမ်းရှိသူ၊ သူရဲကောင်းများအဖြစ် ပုံဖော်မပြသင့်ပါ။

- မသန်စွမ်းသူများကို ရောဂါသည်၊ သနားစရာကောင်းသူ၊ ကံမကောင်းသူများအဖြစ် ပုံမဖော်သင့်ပါ။

- မသန်စွမ်းသူရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ထိန်းသိမ်းထားပါ။

(၂) အင်တာဗျူးအချက်အလက်

- မသန်စွမ်းမှုအား မည်သို့ ဖော်ပြစေလိုသည်ကို မေးမြန်းပါ။

- ကာယကံရှင်အား တိုက်ရိုက် မေးမြန်းပါ။

- အကြားအာရုံ မသန်စွမ်းသူများအား တိုက်ရိုက်မေးမြန်းပါ။ ဘာသာပြန်အား မေးမြန်းခြင်းကို ရှောင်ကြဉ်ပါ။

- ဆွေးနွေးနေစဉ် ဖြေဆိုသူ အသုံးပြုနေသည့် အားပြုကိရိယာနဲ့ အထောက်အကူပြု ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ခြင်း ရှောင်ကြဉ်ပါ။

- အဖြေကို ပြီးဆုံးသည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းပါ။

- မသန်စွမ်းမှုကြောင့် စိတ်ထိခိုက်ခံစားရမည်ကို စိုးရိမ်ပြီး မေးခွန်းများကို ချန်လှပ်ခြင်း မပြုပါနဲ့။

- မေးမြန်းသူနဲ့ ဖြေဆိုသူ အနိမ့်အမြင့် တူညီရန် လိုသည်။

(ဥပမာ။ ဝှီးချဲနဲ့ဆိုရင် သူနဲ့ အနီးဆုံးနေရာမှ မိုက်ကိုထားရန်၊ မျက်မမြင်ဆိုရင် အသံထွက်နေရာနဲ့ မိုက် အတည်တကျရှိရန်)

- မိုက်အား လိုအပ်သလို အနိမ့်အမြင့်ညှိပါ။

- အထောက်အကူပြုပစ္စည်းအား တိုက်ရိုက် ရိုက်ကူးတင်ပြခြင်းမျိုး မပြုပါနဲ့။

- အကူအညီ လို၊ မလို မေးမြန်းပြီးမှ အကူအညီပေးပါ။

- မေးခွန်းမေးမြန်းရန် ရွေးချယ်ထားသောနေရာသည် မသန်စွမ်းသူများ အဆင်ပြေနိုင်မည့် သင့်လျော်သည့် အခြေအနေနှင့် နေရာ ဖြစ်ရန်။

- မေးခွန်းများ တရစပ်နှင့်  အလျင်စလို မေးမြန်းမှုမျိုးသည် တချို့ မသန်စွမ်းသူ အမျိုးအစားအတွက် အဆင်ပြေမှု မရှိပါ။

- မသန်စွမ်းမှုကြောင့် ဖြေဆိုပြောဆိုသည့် အကြောင်းအရာများ နားလည်ရန် ခက်ခဲပါက အဖြေကို မသိကျိုးကျွံပြုခြင်း ရှောင်ကြဉ်ပါ။

- မျက်မမြင်များနှင့် တွေ့ဆုံမေးမြန်းသည့်အခါ မျက်နှာအား တိုက်ရိုက်ကြည့်ပြီး မေးမြန်းပါ။

- နားမကြားသူများနှင့် တွေ့ဆုံမေးမြန်းသည်အခါ အသံပိုမို ကျယ်လောင်စွာ မေးမြန်းရန် မလိုအပ်ပါ။

(၃) ဓာတ်ပုံ၊ ဗွီဒီယို အသုံးပြုခြင်း

- ဓာတ်ပုံအသုံးပြုခွင့် တောင်းခံပါ။

- မလိုအပ်လျှင် အထောက်အကူပြု ပစ္စည်းများအား ဦးစားပေး ဖော်ပြသည့်ပုံများ မသုံးသင့်ပါ။

- မသန်စွမ်းသူများအား အမြင်တင့်တယ်သည့်ပုံများ အသုံးပြုပါ။

- အလွန်သနားစရာကောင်းပြီး ကြည့်ရှုရန် မတင့်တယ်သည့်ပုံများ အသုံးပြုခြင်း ရှောင်ပါ။

- မသန်စွမ်းသူများအား လူ့အသိုင်းအဝိုင်းမှာ ဝေးကွာနေသည့်ပုံများထက် လူမှုပတ်ဝန်းကျင်တွင် တက်ကြွစွာ ပါဝင်နေသည့်ပုံများကို အသုံးပြုသင့်သည်။

(၄) မသန်စွမ်းဝေါဟောရ အသုံးအနှုန်း (ဓာတ်ပုံ)

- မြန်မာနိုင်ငံမှာ တရားဝင်သတ်မှတ်ထားတဲ့ မသန်စွမ်း ၄ မျိုးရှိ

(အမြင်အာရုံမသန်စွမ်းသူ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူနဲ့ ဉာဏ်ရည်မသန်စွမ်းသူတို့ ဖြစ်တယ်။)

- သတင်းရေးသားရာနဲ့ ဖော်ပြရာမှာ သုံးသင့်တဲ့ အသုံးအနှုန်း

(မျက်မမြင်၊ နားမကြား၊ မပြောတတ်သူ၊ ဝှီးချဲအသုံးပြုသူ၊ သင်ယူခက်ခဲသူ)

- မသုံးသင့်တဲ့အသုံးအနှုန်း

(မျက်ကန်း၊ အအ၊ အပင်း၊ ဆွံ့အနားမကြား၊ ခြေကျိုး မစွမ်းမသန်၊ မသန်မစွမ်း၊ ထောက်လှမ်းရေး၊ ပြား ၉၀၊ ကျပ်မပြည့်)

၂၀၁၄ သန်းခေါင်စာရင်းအရ လက်ရှိ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၂ ဒသမ ၃ သန်း ရှိတယ်။

အခုလို သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာခေတ်မှာ မီဒီယာတွေရဲ့ သြဇာအာဏာဟာ ကြီးမားတဲ့အတွက် မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေ မှန်ကန်အောင် တင်ပြနိုင်ဖို့နဲ့ မသန်စွမ်းသတင်းတွေ ပိုမိုဖော်ပြသင့်တယ်လို့ ယူဆပါတယ်။

အများပြည်သူတွေ နားလည် ခံစားနိုင်အောင် မသန်စွမ်းသူတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊  ရုပ်သံမှတ်တမ်းတွေ၊ မေးမြန်းခန်းတွေ ဆွေးနွေးငြင်းခုံတဲ့ ဒီဘိတ် အစီအစဉ်တွေကို မီဒီယာတွေအနေနဲ့ အခုထက် ပိုမိုလုပ်ဆောင်ပေးဖို့ မျှော်လင့်မိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013