DVB Logo
Home
မြန်မာသတင်း
တနိုင်းမြို့တွင် စစ်ရှောင်ဒုက္ခသည်စခန်း တရားဝင်ဖွင့်လှစ်ပေးရန် အစိုးရကိုတောင်းဆို
DVB
·
May 23, 2018
တနိုင်းမြို့တွင် စစ်ရှောင်ဒုက္ခသည်စခန်း တရားဝင်ဖွင့်လှစ်ပေးရန် အစိုးရကိုတောင်းဆို
Donate to DVB

 

ခရစ်ယာန် အသင်းတော်တွေမှာ ခိုလှုံနေကြတဲ့ တနိုင်းမြို့က စစ်ရှောင် ဒုက္ခသည်တွေအတွက် တရားဝင် စစ်ဘေးဒုက္ခသည် စခန်းတွေဖွင့်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စု အစိုးရထံ မနေ့က စာရေးသားပေးပို့ တောင်းဆို လိုက်ပါတယ်။

ကချင်ပြည်နယ်၊ တနိုင်းဒေသမှာ ၂၀၁၇ ဇွန်လကစပြီး တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် အင်ဂါးဂါး၊ နမ့်ခမ်းနဲ့ ကောင်းဂျားရွာက ဒေသခံ ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ၂၀၁၈ ဧပြီနဲ့ မေလတို့မှာလည်း အောင်လော့ဒ်ရွာ၊ ဆွတ်ရိယန်ရွာနဲ့ ဆွတ်ရာရွာတွေက ဒေသခံတွေ ထပ်ပြီး ထွက်ပြေးလာရတာပါ။

တနိုင်းမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည်စခန်းတွေဖွင့်လှစ်ဖို့ တပ်မတော်က ခွင့်မပြုတဲ့ အတွက်   စစ်ဘေးရှောင်ပြည်သူ ၁၆၀၀လောက်ဟာ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်၊ ကက်သလစ် အသင်းတော်၊ ဘုရားသခင်၏ အသင်းတော် (Assembly of God)၊ ခရစ်တော်၏ အသင်းတော် (Christ of Church) တွေမှာ ခိုလှုံနေကြရတာ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့ရဲ့ စားဝတ်နေရေး၊ ပညာရေးနဲ့ လူမှုဘဝ လုံခြုံရေး အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနောင်နဂျာတန်တို့ရဲ့ အစိုးရထံပေးပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ အတွင်းရေးမှူး  သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ် ဆမ်ဆွန်က “လက်ရှိမှာ ရိက္ခာကို ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က ထောက်ပံ့ပေးနေတယ်။ ဒါပေမယ့် လွတ်လွတ်လပ်လပ် သွားလို့ရတာမဟုတ်ဘူး။ တပ်မတော်ဆီက ခွင့်ပြုချက် ယူပြီး သွားရတာ။ အခုလည်း မိုးတွင်းရောက်လာတော့မယ် ဆိုတော့ အသင်းတော်တွေမှာ နေဖို့က ပိုပြီးတော့ အခက်အခဲ ဖြစ်မှာပေါ့။ ပြည်ထောင်စုဝန်ကြီး လာတုန်းကလည်း ကျတော်တို့ ပြောခဲ့ပါသေးတယ်။ စစ်ရှောင်တွေဟာ လူသားတယောက်အနေနဲ့ သိက္ခာရှိရှိနေဖို့က ကျနော်တို့အလိုလားဆုံးပါပဲ” လို့ ပြောပါတယ်။

တနိုင်းမြို့ကို ဆီနဲ့ စက်သုံးဆီတွေ တင်သွင်းခွင့်ကို ၂၀၁၆ ခုနှစ်ကတည်းက တပ်မတော်က ကန့်သတ်ထားပြီး သတ်မှတ် ခွဲတမ်းနဲ့ပဲ တင်သွင်းခွင့်ရတာ ဖြစ်သလို တခါတခါမှာ လနဲ့ချီပြီး တင်သွင်းခွင့်မရ ဖြစ်တတ်ပါသေးတယ်။

ကချင်ပြည်နယ်မှာ အရင် အစိုးရလက်ထက် ၂၀၁၁ ဇွန်လကစပြီး တိုက်ပွဲတွေ တကြော့ပြန် ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013