DVB Logo
Home
မြန်မာသတင်း
ဂစ်တာတီးသည့် မူလတန်းပြဆရာ ၃ဦးကို ရိုက်နှက်လက်ထိပ်ခတ်သည့်ကိစ္စကန့်ကွက်
DVB
·
May 22, 2018
ဂစ်တာတီးသည့် မူလတန်းပြဆရာ ၃ဦးကို ရိုက်နှက်လက်ထိပ်ခတ်သည့်ကိစ္စကန့်ကွက်
Donate to DVB

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ သင်ရိုးသစ်သင်တန်းတက်တဲ့ မူလတန်းပြ ဆရာသုံးယောက်ကို ဂစ်တာတီးတာနဲ့ ပတ်သက်လို့ ရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ရိုက်နှက် လက်ထိပ်ခတ်ခဲ့တာဟာ ဆရာ၊ ဆရာမတွေအားလုံးကို စော်ကားတာဖြစ်တယ်ဆိုပြီး  မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ် ကန့်ကွက်လိုက်ပါ တယ်။

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာမှာ မြို့နယ်ထဲက ဆရာ၊ ဆရာမတွေအားလုံး လာရောက်တည်းခိုပြီး ဒုတိယတန်း သင်ရိုးသစ်အတွက် မေလ ၈ ရက်နေ ၂၃ ရက်အထိ သင်တန်း တက်နေရတာပါ။

မေလ ၂၀ ရက်ညပိုင်းက ဆရာမတွေ တည်းခိုတဲ့ ကျောင်းရှေ့မှာ ဆရာတချို့က ဂစ်တာသွားတီးတာကို ရွာအုပ်ချုပ်ရေးမှူးက လာရောက် တားမြစ်ရာကနေ ပြဿနာ ဖြစ်ကြတာလို့ ဆရာတယောက်က ပြောပါတယ်။

“အဲဒီနေ့က ပိတ်ရက်ကြောင့် ဂစ်တာ သွားတီးကြတာပါ။ သူတို့တားတော့ ပြန်ကြတယ်။ အဲဒီမှာသုံး ယောက်ကတော့ သူတို့ ကိစ္စနဲ့ သူတို့ နောက်မှာ ကျန်ခဲ့တာ။ အဲဒါမှာ ရိုက်ခံရတာ”

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောချစ်ညွန့်ကတော့ ကျောင်းနားမှာနေတဲ့ ရပ်မိရပ်ဖ တယောက်က အကြောင်းကြားလို့ သွားခဲ့တာ ဖြစ်ပြီး ဆရာမတွေနေတဲ့ ကျောင်းနား ဖြစ်တာကြောင့် လုံခြုံရေးကို ပိုပြီး ဂရုစိုက်တာ လို့ ပြောပါတယ်။

“ဟိုရောက်တော့ ဆရာတွေ ဖြစ်နေတယ်။ ၉ နာရီကျော်ရင် ဂစ်တာမတီးဖို့နဲ့ ပြန်ကြဖို့ ပြောတော့ ပြန်ကြတယ်။ အဲဒီမှာ ဆိုင်ကယ် နောက်ဆုံးအစီးက သုံးယောက်မှာ တယောက်က တီးတော့ ဘာဖြစ်လဲ ဘာညာပြောတော့ ရပ်ကွက်ကို စိန်ခေါ်သလို ဖြစ်သွားတာပေါ့။ အဲဒါနဲ့ ရဲကို ခေါ်လိုက်ရတယ်။ ရဲရောက်လာတော့လည်း ရွာကလူတွေနဲ့ ပြဿနာ မဖြစ်အောင်လို့ ပြောတဲ့တယောက်ကို လက်ထိပ်ခတ်ခိုင်းတာပါ”

ဆရာတွေမှာ ဒဏ်ရာတွေ ရထားတယ်လို့ သိရပြီး ရွာသားတွေနဲ့ ဝရုန်းသုန်းကားဖြစ်ချိန်မှာရတာ ဖြစ်နိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဇရပ်ကွင်း ရဲကင်းမှူး ရဲအုပ် မျိုးမင်းလွင်ကတော့ လက်ထိပ်ခတ်ထားတယ်ဆိုတာကို ရဲတပ်သားက ဖုန်းဆက်ပြောခဲ့ပြီး သူက ချက်ချင်းဖြုတ်ဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ ရွာကိုလိုက်သွားပြီး ပြဿနာကို ပြေလည်အောင် ပြောဆိုကြိုးစားပေးခဲ့သလို ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားတာ မရှိဘူးလို့လည်း ပြောပါတယ်။

သင်တန်းတက်နေတဲ့ ဆရာတယောက်က ဆရာတွေအနေနဲ့ ပြဿနာဖြစ်ပြီး နောက်နေ့မှာပဲ အဲဒီရွာကျောင်းမှာ မတည်းတော့ဘဲ ဝါးဖြူတောင် အမကကို ပြောင်းခဲ့ကြပါတယ်။

အခုလို ဆရာတွေရဲ့ ဂုဏ်သိက္ခာကိုမထောက်ဘဲ လက်ထိပ်ခတ်တာ၊ ကူညီဖို့ လိုက်လာတဲ့ ဆရာတွေကိုလည်း ခြိမ်းခြောက်ပြောဆိုတာ စတာတွေဟာ ကာယကံရှင် ဆရာတွေကိုသာမကဘဲ မြန်မာတနိုင်ငံလုံးက  ဆရာ၊ ဆရာမတွေကိုလည်း စော်ကားမော်ကားပြုတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး အဖွဲ့ချုပ်အနေနဲ့ တရားဥပဒေကြောင်းအရ တုံ့ပြန်သွားမှာဖြစ်သလို ပညာရေးဝန်ကြီးဌာနကလည်း အဲဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး မတရား အနိုင်ကျင့်ခံရတဲ့ ဆရာတွေအပေါ် ကာကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့လည်း အာဏာကို အလွဲသုံးစားပြုလုပ်ပြီး မတရားအနိုင်အထက်ပြုကျင့်တဲ့ ဇရပ်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို လုံလောက်မျှတတဲ့ စစ်ဆေးတာတွေလုပ်ပြီး ဥပဒေနဲ့ အညီ အရေးယူပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒီနေ့မှာတော့ တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်က အရာရှိတွေ ရွာကိုလာရောက်ပြီး စစ်ဆေးနေသလို သူကိုယ်တိုင်လည်း စစ်ဆေးခံဖို့ စောင့်နေတယ်လို့ ရွာအုပ်ချုပ်ရေးမှူး ဦးစောချစ်ညွန့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013