
စစ်ပွဲများရပ်တန့်ရေးအတွက် မန္တလေးမြို့မှာ ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိုအောင်မှိုင်းဆန်းနဲ့ ကိုစိုးမိုးနိုင်(ခ) ကိုဒိန်းဒေါင်တို့ကို ချမ်းအေးသာစံတရားရုံးက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉နဲ့ ဒီကနေ့ ထောင်ဒဏ် ၂ လ ချမှတ်လိုက်ပါတယ်။
ကိုအောင်မှိုင်းဆန်းက “ထောင်ကျမယ်ဆိုတာ ကြိုပြီးမျှော်လင့်ပြီးသားပါ။ တကယ်ဆိုရင် ငြိမ်းစုစီဥပဒေဟာ လုံးဝမရှိသင့်တဲ့ဥပဒေပါ။ ဆန္ဒပြကြလို့ ဆူပူမှုတွေ၊ ဖျက်ဆီးမှုတွေ ရှိခဲ့ရင်လည်း အဲဒီဥပဒေနဲ့ပဲအရေးယူသင့်တယ်။ ကျနော်တို့တွေက အဲလိုလုပ်ခဲ့တာမရှိဘူး။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ကျနော်တို့က တရားရုံးကို အယုံအကြည်မရှိဘူး။ တရားရုံးက အုပ်ချုပ်ရေးလက်အောက် ရောက်နေတာကြောင့် အယုံအကြည်မရှိဘူး။”လို့ ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ အစိုးရ နှစ်ရပ်ဖြစ်နေတယ်၊ အန်အယ်လ်ဒီအစိုးရက တိုင်းပြည်ငြိမ်းချမ်းဖို့ ငြိမ်းချမ်းရေးလုပ်ဆောင်နေတာကို ယုံတယ်၊ တဖက်အစိုးရကို မယုံဘူး၊ အယုံအကြည်လည်း လုံးဝမရှိဘူးလို့လည်း ကိုအောင်မှိုင်းဆန်းကပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၇ ရက်က ကိုအောင်မှိုင်းဆန်းနဲ့ ကိုစိုးမိုးနိုင်တို့အပါအ၀င် ငြိမ်းချမ်းရေး ဆန္ဒပြသမားတွေဟာ တိုင်းရင်းသားဒေသထိုးစစ်တွေရပ်၊ စစ်ရေးအကြမ်းဖက်မှုအလိုမရှိ၊ ပိတ်မိပြည်သူများ လွတ်မြောက်ရေးနဲ့ STOP WAR စာတန်းပါ ပိုစတာတွေထောင်ပြီး မန္တလေးမြို့က ကျုံးဘေးမှာ ဖယောင်းတိုင်မီးထွန်းညှိကာ ဆုတောင်းခဲ့ကြတာပါ။
အဆိုပါ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး အမှတ်(၈)မြို့မရဲစခန်းက ငြိမ်းစုစီဥပဒေပုဒ်မ ၁၉နဲ့ အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။











