DVB Logo
Home
မြန်မာသတင်း
ကျောင်းအပ်နှံချိန် ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများ မပေးကြရန် ပညာရေးဌာန မေတ္တာရပ်ခံ
DVB
·
May 22, 2018
ကျောင်းအပ်နှံချိန် ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများ မပေးကြရန် ပညာရေးဌာန မေတ္တာရပ်ခံ
Donate to DVB

လာမယ့်ကျောင်းအပ်နှံချိန် ကာလမှာ ကျောင်းသားမိဘတွေအနေနဲ့  ငွေကြေးနဲ့ လက်ဆောင်ပစ္စည်းတွေ မပေးကြဖို့နဲ့ ဆရာ၊ ဆရာမတွေကလည်း ဘယ်လို အခကြေးငွေမှ မကောက်ခံကြဖို့ ပညာရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် မေ ၂၅ ရက်မှ ၃၁ ရက်ထိ ကျောင်းအပ်နှံရေး ကာလမတိုင်ခင်မှာ ကျောင်းအုပ်၊ ဆရာ၊ ဆရာမအားလုံးနဲ့ အရာထမ်း၊ အမှုထမ်းတွေအားလုံး သိရှိလိုက်နာရမယ့် အချက်တွေအပြင်  မိဘ၊ အုပ်ထိန်းသူ ပြည်သူတွေထံ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားတာပါ။

ကျောင်းအုပ်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသားတွေထံက ဘယ်လို အခကြေးငွေမှ ကောက်ခံတာ၊ လက်ခံတာမလုပ်ဖို့၊ ငွေကြေးနဲ့ လက်ဆောင်ပစ္စည်းတွေ တစုံတရာ လက်ခံတာမလုပ်ဖို့၊ ကျောင်းဝတ်စုံအတွက် အတန်းတံဆိပ်နဲ့ ကျောင်းတံဆိပ်တွေ အပါအ၀င် ဘယ်လိုပစ္စည်းမှ မရောင်းချဖို့ ညွန်ကြားထားပါတယ်။

အသက် ငါးနှစ်ပြည့်သူတိုင်း သူငယ်တန်း (KG)၊ အသက် ခြောက်နှစ်ပြည့်သူတိုင်း ပထမတန်း (Grade1) နဲ့ ကျောင်းနေအရွယ် ကလေးတွေအားလုံး ကျောင်းလက်ခံ ဆောင်ရွက်ဖို့  ဆရာတွေကို ညွန်ကြားထားသလို ကျောင်းသားမိဘတွေကိုလည်း ဆရာတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

မိဘတွေအနေနဲ့ သားသမီးတွေကို တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်တဲ့ တီထွင်ကြံဆနိုင်စွမ်းရှိတဲ့ သားကောင်းတွေ ဖြစ်လာစေဖို့ ဆရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် ကျောင်းသန့်ရှင်းရေးလုပ်ငန်းတွေ၊ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်လာအောင် မိမိတို့ရဲ့ သားသမီးတွေကို တိုက်တွန်း အားပေးဖို့၊ မိဘဆရာအသင်းနဲ့ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင် အကြံပြုကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

ကျောင်းသားဦးရေ တိုးတက်များပြားလာပြီး ကျောင်းအပ်နှုန်း မြင့်မားလာတာကြောင့်  ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေ လုံလောက်စွာ ဖြန့်ဝေပေးလိုတဲ့အတွက် မြို့နယ်အလိုက် သတ်မှတ်နယ်မြေတွေမှာသာ ကျောင်းအပ်နှံကြဖို့လည်း အသိပေးထားပါတယ်။

လာမယ့်ပညာသင်နှစ်မှာ သက်ဆိုင်ရာအတန်းတွေအလိုက် အခန်းဆုံး စာမေးပွဲ စစ်ဆေးတာကို ၂၀၁၈ ဇူလိုင်မှာ တကြိမ်၊ ဒီဇင်ဘာမှာ တကြိမ်၊ နှစ်လယ် စစ်ဆေးတာကို အောက်တိုဘာမှာ တကြိမ်၊ နှစ်ဆုံး စစ်ဆေးတာကို ၂၀၁၉ ဖေဖော်ဝါရီမှာ တကြိမ် စုစုပေါင်း လေးကြိမ် ဆောင်ရွက်မယ်လို့ သိရပါတယ်။

ကျောင်းခေါ်ချိန် မပြည့်သူတွေ၊ သင်ယူတတ်မြောက်မှု အားနည်းတဲ့ ကလေးတွေကို ဖြည့်ဆည်းသင်ကြားပေးတာ (Remedial Education) ကို ဇူလိုင်လကစပြီး နှစ်ဆုံး စစ်ဆေးတာ မတိုင်မီအထိ စဉ်ဆက်ဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။

မူလတန်းအဆင့်မှာ ကျောင်းသူ ကျောင်းသားအားလုံး စာဖတ်တတ်ဖို့၊ အခြေခံသင်္ချာ တွက်ချက်တတ်ဖို့ အလေးထားဆောင်ရွက်ဖို့နဲ့ ကျောင်းထွက်သူ လုံးဝမရှိစေရေးနဲ့ အလယ်တန်း ၊ အထက်တန်းအဆင့်ဆင့် ဆက်လက်ပညာသင်ကြားနိုင်ရေး မိဘနဲ့ ဆရာ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ-UNICEF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013