DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး ရောင်ခြည် မှေးမှိန်ကွယ်ပျောက်တော့မလား
DVB
·
May 21, 2018
ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး ရောင်ခြည် မှေးမှိန်ကွယ်ပျောက်တော့မလား
Donate to DVB

‘မြောက်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ထိပ်တန်းတာဝန်ရှိပုဂ္ဂိုလ်တွေ တွေ့ဆုံကြ’၊ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကင်မ်က အမေရိကန်သမ္မတနဲ့ တွေ့ချင်တဲ့အကြောင်း သူ့ရဲ့အာသီသကို ထုတ်ဖော်ပြောဆို’၊ ‘အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း တွေ့ဆုံဖို့ သဘောတူလိုက်လို့ နေရာနဲ့အချိန် ညှိကြ’၊ မြောက် တောင် အဆင့်မြင့် ကိုယ်စားလှယ်တွေ နယ်စပ် ပန်မွန်ဂျုံမှာ တွေ့ဆုံဆွေးနွေးကြဖို့’ စတဲ့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် တိုးတက်ကောင်းမွန်လာတဲ့ မျှော်လင့်ချက်နဲ့ အလားအလာကောင်းတွေနဲ့ ပတ်သက်ပြီး ကျနော် ဆောင်းပါးရေး တင်ပြခဲ့ပြီး ဖြစ်တာကို စာဖတ်သူတွေ အမှတ်ရကြဦးမှာပါ။

နောက် မေလ ၁၀ရက်နေ့ ကြာသပတေးနေ့က အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်လ်ထရမ့်က သူ့ရဲ့ တွစ်တာစာမျက်နှာကနေ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်ကို စင်ကာပူနိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့မှာ တွေ့ဆုံမယ်လို့ ရေးသား ဖော်ပြအသိပေးခဲ့ပါတယ်။ ကမ္ဘာတဝန်းက စိတ်ဝင်စားနေတဲ့ သူတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ထရမ့်က ပထမဆုံး အသေးစိတ်ထုတ်ဖော် ရေးသားခဲ့တာ ဖြစ်ပါတယ်။ တကယ်ပဲ တွေ့ဆုံကြ၊ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားအားထုတ်မှုတွေ ကိုရီးယားကျွန်းဆွယ်မှာ ချုပ်ငြိမ်း ငြိမ်းချမ်းရေးရောင်ခြည် လင်းလက်လာတော့မယ်လို့ ကမ္ဘာ့ငြိမ်းချမ်းရေး လိုလားသူတွေက အကောင်းဆုံးကို မျှော်လင့်ခဲ့ကြပါတယ်။

ထရမ့်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ “မြင့်မြင့်မားမား မျှော်လင့်ထားကြတဲ့ ကင်ဂျုံအန်နဲ့ ကျနော်တို့ ဇွန်လ ၁၂ ရက်နေ့မှာ စင်ကာပူနိုင်ငံမှာ တွေ့ဆုံကြပါမယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အထူးကောင်းမွန်တဲ့ အချိန်သမယလေးဖြစ်ဖို့ ကျနော်တို့ နှစ်ယောက်စလုံး ကြိုးစားကြမှာပါ” လို့ ရေးသားခဲ့ပါတယ်။

ဒါပေမယ့် ကောင်းမွန်တဲ့ မျှော်လင့်ချက်နဲ့ စောင့်စားခဲ့ကြတဲ့ ဒီထိပ်သီးဆွေးနွေးပွဲ နီးကပ်လာတဲ့အချိန်မှာပဲ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနဲ့ အဆင့်မြင့် ဆွေးနွေးပွဲတွေကို ပယ်ဖျက်လိုက်ပြီး ဆက်လက်လုပ်ဆောင်နေတဲ့ တောင်ကိုရီးယား၊ အမေရိကန် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်သမ္မတနဲ့ သမိုင်းဝင် တွေ့ဆုံမယ့် အစီအစဉ်ကို ပယ်ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ဒီရုတ်တရက် အံ့သြစရာလုပ်ရပ်ကို မြောက်ကိုရီးယား အစိုးရသတင်းဌာနက ကြေညာလိုက်တာဖြစ်ပြီး အဲဒီသတင်းကို တောင်ကိုရီးယားနိုင်ငံက အတည်ပြုလိုက်တယ်လို့ သတင်းရပ်ကွက်က ဆိုပါတယ်။

ဒီသတင်းထုတ်ပြန်ချက်ဟာ တောင်နဲ့ မြောက် အဆင့်မြင့် ကိုယ်စားလှယ်တွေ နယ်စပ်ရွာကလေးမှာ တွေ့ဆုံကြဖို့ နာရီပိုင်းအလိုမှာ ထွက်ပေါ်လာတာ ဖြစ်တဲ့အတွက် စောင့်ကြည့်လေ့လာသူ မျှော်လင့်ချက်ထားသူတွေ တအံ့တသြ ဖြစ်သွားခဲ့ကြပါတယ်။

နောက် ဒါဟာ တရားဝင်သဘောအရ စစ်ဖြစ်နေဆဲ နိုင်ငံ နှစ်နိုင်ငံအကြား တင်းမာမှု ပြေလျော့လာမှုရဲ့ နောက်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တယောက် အမေရိကန် အဆင့်မြင့်သံတမန် ဘီလ်ရစ်ချတ်ဆန် ပြောဆို ဝေဖန်ခဲ့သလိုပဲ သဘေထားပြောင်း ပျက်ပြားအောင် လုပ်လိုက်တာလား။ မြောက်ကိုရီးယားအစိုးရရဲ့ ကိုရီးယား ဗဟိုသတင်းအေဂျင်စီကတော့ “ဒေါသထွက်စရာ စစ်ရေးလှည့်စားမှု” ဟာ ဇွန်လ ၁၂ ရက်နေ့မှာ တွေ့ဆုံမယ့် ဒေါ်နယ်လ်ထရမ့်နဲ့ ကင်ဂျုံအန်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

လောလောဆယ် စိုင်းပြင်ဆင်နေတဲ့ ‘မက်ဆခ် သန်းဒါး’လို့ခေါ်တဲ့ အမေရိကန် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ငြိမ်းချမ်းရေးအတွက် ပေါ်လွင်တဲ့ တိုးတက်ဖြစ်ထွန်းမှုတွေအတွက် ပြောင်စိန်ခ်ါမှုနဲ့ တမင်တကာ စစ်ရေးအရ နှိုးဆွမှုတခုအဖြစ် မြောက်ကိုရီးယားကို ဒေါသဖြစ်စေတယ်လို့ ဖော်ပြခဲ့ပါတယ်။

နောက်ပိုင်းမှာ သတင်းအေဂျင်စီက အမေရိကန်သမ္မတ ထရမ့်နဲ့ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲကို ပြုံယမ်းက ပယ်ဖျက်ကောင်း ပယ်ဖျက်နိုင်တယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပထမ ဒုတိယဝန်ကြီး ကင်ဂျီဂွမ်ရဲ့စကားကို ကိုးကားဖော်ပြခဲ့ပါတယ်။

မစ္စတာဂွမ်က “တကယ်လို့ သမ္မတ ထရမ့် အစိုးရက ကျနော်တို့ကို ချောင်ပိတ်ဖမ်းပြီး နျူကလီးယားလက်နက်ကို ကိုယ့်သဘောနဲ့ကိုယ် စွန့်လွှတ်အောင် တွန်းအားပေးမယ် ဆိုရင်တော့ ကျနော်တို့က ဒီလိုပြောဆိုဆွေးနွေးမှုမျိုးကို စိတ်ဝင်စားတော့မှာ မဟုတ်ဘဲ ပြန်စဉ်းစားရပါလိမ့်မယ်” လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား ပြန်လည်ညီညွတ်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပတ်တေဟယန်းကလည်း ဗုဒဟူးနေ့မှာ ကျင်းပမယ့် တောင်ကိုရီးယားနိုင်ငံနဲ့ ဆွေးနွေးပွဲကို ပယ်ဖျက်လိုက်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ သူကပဲ ဆိုးလ်က မြောက်ကိုရီးယားကို ငြိမ်းချမ်းရေးအကျိုးအတွက်နဲ့ ကိုရီးယားကျွန်းဆွယ် ဖွံ့ဖြိုးပွားစည်းရေးအတွက် ဆွေးနွေးပွဲကို မကြာခင် လာရောက်ဖို့ တိုက်တွန်းနေတယ်လို့ သတင်းထောက်တွေကို ရှင်းလင်းပြောဆိုရာမှာ ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းထောက်တွေနဲ့ အပြန်အလှန် မေးမြန်း ပြောဆိုပွဲမှာတော့ မြောက်ကိုရီးယားရဲ့ ပယ်ဖျက်မှုနဲ့ပတ်သက်ပြီး ဘာမှ ပါးပါးနပ်နပ် အကျယ်သဖြင့် ပြောဆိုတာမျိုး မလုပ်ခဲ့ဘဲ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က “ကျနော်တို့ ဘာမှ မကြားပါဘူးဗျာ” “ဘာဖြစ်တယ်ဆိုတာ ကျနော်တို့ ကြည့်ပါဦးမယ်” လို့ပဲ ပြောပါတယ်။

ကင်ဂျုံအန်း အစိုးရကတော့ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စု လေတပ် လုပ်မယ့် မက်ဆခ်သန်းဒါး ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာတဲ့ လက္ခဏာတွေကြားမှာပဲ မြောက်ကိုရီးယားကို ကျူးကျော်ဝင်ရောက်ဖို့ အစမ်းလေ့ကျင့်တဲ့ ဒေါသထွက်အောင်လုပ်တဲ့ လုပ်ရပ်ပဲ ဖြစ်တယ်လို့ ပြစ်တင်ပြောဆိုနေပါတယ်။

တောင်ကိုရီးယား စစ်တပ် တာဝန်ရှိ အရာရှိတယောက်ကတော့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စီစဉ်ထားတဲ့အတိုင်း ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ အင်ဘီစီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ခုလို တောင် မြောက် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်တဲ့ တချို့ အစောဆုံး သတင်းဖော်ပြမှုတွေကို တောင်ကိုရီးယား သတင်းအေဂျင်စီ Yonhap က ပြုလုပ်ခဲ့တာဖြစ်ပြီး အိမ်ဖြူတော် အတွင်းဝန် ဆာရာ ဟတ်ကာဘီ ဆင်းဒါးကတော့ သတင်းဖော်ပြချက်တွေကို ထရမ့်ရဲ့ အုပ်ချုပ်ရေးပိုင်းက သိရှိပြီး ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ သူက “မြောက်ကိုရီးယားနိုင်ငံက လွတ်လွတ်လပ်လပ် ဘာပြောမလဲ ဆိုတာနဲ့ ကျမတို့ရဲ့ မဟာမိတ်တွေနဲ့ဆက်ပြီး ဘယ်လို ရင်းရင်းနှီးနှီး ဆက်ဆံမလဲ၊ ပူးပေါင်း ဆောင်ရွက်မလဲ ဆိုတာကို ကြည့်ရပါလိမ့်မယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံခြားရေးဌာန တာဝန်ရှိ အရာရှိတွေကတော့ သမ္မတထရမ့်နဲ့ စီစဉ်ထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ဆောင်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ်ဟီသာ နူးရတ်က သတင်းထောက်တွေကို ရှင်းလင်း ပြောပြခဲ့ပါတယ်။

ဒီအခြေအနေတွေဟာ မြောက်ကိုရီးယားသမ္မတ ကင်မ်က လက်သင့်မခံနိုင်ခဲ့တဲ့ အခြေအနေလား။

ဒါဆိုလည်း ပွင့်ပွင့်လင်းလင်း ဒီလိုတော့ ကျုပ်တို့ လက်မခံနိုင်ဘူးလို့ ပြောခဲ့သင့်တယ် ထင်ပါတယ်။

သတင်းအချက်အလက်အရ အမေရိကန်သမ္မတက မြောက်ကိုရီးယားသမ္မတနဲ့ ကိုရီးယားကျွန်းဆွယ်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြမယ့်ကိစ္စကို သဘောတူတယ်။ ကျနော်တို့နိုင်ငံမှာလို တပ်မတော်က ဘာတော့ လက်မခံနိုင်ပါဘူး ဆိုတာမျိုး ကြိုတင်ကန့်သတ်တာမျိုးမရှိတဲ့ (ရှိလို့လည်းမရတဲ့) အခြေအနေမျိုးမှာ မြောက်ကိုရီးယားက ဘာလို့ ဖောက်တာလဲ။ အနောက်နဲ့ ဥရောပနိုင်ငံတွေက ခန့်မှန်း ပြောဆိုသလို အချိန်မရွေး သဘောထားပြောင်းနိုင်တယ်လို့ ဆိုရမယ့် အခြေအနေလား။ တကယ်တမ်း လိုနေတာက ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိပါးလာနိုင်တဲ့ ကိုရီးယားကျွန်းဆွယ် အရေးက အရေးပါပါသလား။ စဉ်းစဉ်းစားစား လုပ်ကိုင် ဆောင်ရွက်တတ်ကြပါစေ။ ဘယ်ကိစ္စမဆို အမှန် အမှားသိ၊ အမှန်ဘက်က ခုခံရပ်တည် ကာကွယ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။   

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013