စစ်ကိုင်းတိုင်းဒေသကြီး နယ်လုံဝန်ကြီးသစ်အစားထိုးခန့်အပ်
Aung Ko Latt
·
May 21, 2018

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်အစား အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန်းထွန်းအောင် ကို အစားထိုး တာဝန်ပေးအပ်လိုက်ပါတယ်။
ခုလို အစားထိုး တာဝန်ပေးအပ်ဖို့ ဒီကနေ့ ပြန်လည်စတင်ကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန် အစည်းအဝေးမှာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမည်စာရင်း လွှတ်တော်ကို တင်ပြခဲ့တာပါ။
နယ်လုံဝန်ကြီးနေရာအတွက် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ရဲ့သဘောဆန္ဒရယူရာမှာ လွှတ်တော်က သဘောတူတဲ့အတွက် ဗိုလ်မှူးကြီးသန်းထွန်းအောင်ကို ကတိသစ္စာပြု လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။
ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်ကာလ ၂နှစ်ကျော်အတွင်း နယ်လုံဝန်ကြီး အပါအဝင် တပ်မတော်က ဗိုလ်မှူးကြီးအဆင့်ရှိသူ ၂ဦးကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် အစားထိုးခန့်အပ်လာတာလည်းဖြစ်ပါတယ်။
အခုလို ဝန်ကြီးအဆင့်ပြောင်းလဲတာက အန်အယ်လ်ဒီ အစိုးရလက်ထက် ၂ နှစ်ကျော်ကာလ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်း ပထမဆုံး အစိုးရအဖွဲ့ဝင် အပြောင်းအလဲ ဖြစ်ပါတယ်။
အခုလို နယ်လုံဝန်ကြီး ပြောင်းလဲလိုက်တဲ့အတွက် စစ်ကိုင်းတိုင်းအတွင်း တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါးကာကွယ်တားဆီးနှိမ်နင်းရေးစတဲ့ကိစ္စတွေမှာ ပိုမိုအလေးထား လုပ်ဆောင်လာနိုင်မယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်အချို့က မျှော်လင့်နေကြပါတယ်။
ဝန်ကြီး အပြောင်းအလဲနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို လွှတ်တော် အထွက်မှာ လိုက်လံမေးမြန်း သဘောထားမှတ်ချက်တောင်းခံခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
ဒီကနေ့ ပြန်လည်ကျင်းပတဲ့ ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့မှာ လွှတ်တော် ကိုယ်စားလှယ် ၉ ဦးက ဒေသဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေကိုလည်း မေးမြန်းခဲ့ကြပါတယ်။
အစည်းအဝေးပထမနေ့မှာ တက်ရောက်ခွင့်ရှိသူ ၁၀၀ ဦးရှိတဲ့အထဲက ၉၁ ဦး တက်ရောက်ခဲ့ပါတယ်။ ကတိသစ္စာမပြုရသေးတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး နှစ်ဦးက လွှတ်တော်ဥက္ကဋ္ဌရှေ့မှာ ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။