
ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ မေလ ၁၉ရက်ည ၈နာရီကျော်လောက်က လက်နက်/ခဲယမ်းတွေနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲသတင်းထုတ်ပြန် ချက်အရသိရပါတယ်။
ဘားအံခရိုင်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း အဖွဲ့ဟာ ဘားအံမြို့နယ် နောင်ထလုံးကျေးရွာနေ စောညွန့်သိန်းရဲ့ နေအိမ်ကိုရှာဖွေဖို့လာရာမှာ နေအိမ်ထဲကနေ သေနတ် နှစ်ချက် ပစ်ခတ်ပြီး စောညွန့်သိန်းဟာ အိမ်နောက်ဖေးလယ်ကွင်းထဲကို ထွက်ပြေးသွားလို့ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ရတာလို့ဆိုပါတယ်။
ဖမ်းဆီးရာမှာ စောညွန့်သိန်းထံကနေ စိတ်ကြွရူးသွပ်ဆေးပြား ၇၂ ပြား၊ ကာဘိုင်သေနတ် တစ်လက် ၊ ကျည်အိမ် တစ်ခု၊ ကျည် နှစ်တောင့် နဲ့ လက်ပစ်ဗုံး တစ်လုံးအပြင် နေအိမ်ထဲမှာ တူမီးသေနတ် တစ်လက် တို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စောညွန့်သိန်း(၄၃)နှစ်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ ရဲသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ-ရဲဇာနည်











