DVB Logo
Home
မြန်မာသတင်း
KG သင်ရိုးသစ်တွင် ဂီတအပါအ၀င် အနုပညာဘာသာရပ်များ ထည့်သွင်းသင်ကြား
DVB
·
May 20, 2018
KG သင်ရိုးသစ်တွင် ဂီတအပါအ၀င် အနုပညာဘာသာရပ်များ ထည့်သွင်းသင်ကြား
Donate to DVB

 

အခြေခံပညာကျောင်းတွေရဲ့KG စနစ်သစ်သင်ရိုးတွေမှာ အခြေခံဘာသာရပ်တွေနဲ့ ဂီတ အပါအ၀င် အခြားအနုပညာဘာသာရပ်တွေပါ ထည့်သွင်းသင်ကြားထားတယ်လို့ မွန်ပြည်နယ်ပညာရေးမှူးရုံးက ပြောပါတယ်။

Grade 1  မှာ အနုပညာဘာသာရပ်တချို့ကို သင်ကြားခဲ့ပြီး လာမယ့် ဇွန်လ ကျောင်းဖွင့်ရာသီမှာ Grade 2  သင်ရိုးညွှန်းတန်းအသစ်မှာလည်း အခြေခံ ဘာသာရပ်တွေဖြစ်တဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ သမိုင်း စတဲ့ ဘာသာရပ်တွေအပြင် စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ပန်းချီ(အနုပညာ)၊ ဂီတ (အနုပညာ) တို့ကိုလည်း သင်ကြားပို့ချသွားမယ်လို့ မွန်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(ပညာ) ဒေါ်အေးမြင့်သန်းက ပြောပါတယ်။

“KG စနစ်သစ်မှာ တစ်နှစ်ကို တစ်တန်း သင်ရိုးအသစ်တွေ ပြောင်းလဲသွားဖို့ရှိတယ်။ အရင်နှစ်က Grade 1 သင်ရိုးညွှန်းတန်းပြောင်းရင် ဒီနှစ် Grade 2  ပြောင်းမယ်။ နောက်နှစ်ဆိုရင် တတိယတန်းပေါ့။ အခုသင်ရိုးညွှန်းတန်းအသစ်တွေမှာ အခြေခံ ဘာသာရပ်တွေအပြင် အနုပညာဘာသာရပ်တွေပါ သင်ကြားပို့ချပေးတယ်။ နောက်ပြီး ပညာရေးဝန်ကြီးဌာနကလည်း အခြေခံပညာကျောင်းတွေမှာ ငွေကြေးကောက်ခံမှု တစုံတရာ မလုပ်ဖို့ ညွှန်ကြားထားပြီးသား။ ကျောင်းအပ်ခတွေလည်း အခမဲ့ပါပဲ။”

အရင်က အိမ်မွေးလက်မှုပညာတွေသာ သင်ကြားခဲ့ရပြီး ဂီတကို စာသင်ကျောင်းတွေမှာ သင်ကြားပေးတာ မရှိတဲ့အပြင် ကလေးငယ်တွေ ဂိမ်းဆော့နေတာတွေထက် ဂီတ နဲ့ Instrument တွေကို တီးခတ်သင်ကြားတာက ပိုပြီးအကျိုးရှိကြောင်း တေးသံရှင် ဆုန်သင်းပါရ်က ပြောပါတယ်။

“ဒီလိုသင်ကြားပေးတာ အရမ်းကောင်းပါတယ်။ ကလေးတွေက ငယ်ငယ်ကတည်းက အနုပညာဗီဇရှိရင် ပိုထူးချွန်တာပေါ့နော်။ များသောအားဖြင့် ဒီမှာက (ကိုယ်တွေကအစ) တတ်တဲ့သူတွေက လက်ချိုးရေလို့ရတယ်လေ။ ငယ်ငယ်ကတည်းက သင်ပေးထားတယ်ဆိုရင် အရမ်းကောင်းပါတယ်။ အခြေခံတွေ ကောင်းလာကြမယ်။ အဲ့ထဲကမှ တော်တဲ့လူတွေ အများကြီး ထွက်လာကြမယ်။ ဂီတဆိုရင်လည်း သီချင်းကောင်းတွေထွက်လာမယ်။ အရင်ကတည်းက ရှိသင့်တာပါ။”

အဲ့ဒီလို ဂီတပညာကို သင်ကြားခွင့်ပေးတဲ့အပေါ် ခေတ်ပေါ်တေးသံရှင် Bobby Soxer (ထက်ထက်) ကလည်း“အနုပညာကို ကလေးတွေနဲ့ ရင်းနှီးအောင် မစိမ်းအောင်သင်ပေးတာက သဘောကျဖို့ကောင်းပါတယ်။ Talent ပါလာတဲ့လူဆိုရင်လည်း အရည်အသွေးကို သွေးလိုက် သလို ဖြစ်တာပေါ့။ ထက်တို့တုန်းကတော့ ကိုယ်မသိတာရှိရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ရတာပဲ။ လူကြီးတွေကို လျှောက်မေးခဲ့ရတယ်။” လို့ပြောပါတယ်။

လက်ရှိ အခြေခံပညာကျောင်းတွေမှာ ကျောင်းနေအရွယ်ကလေးတွေကို မွေးစာရင်း မပါလည်း ကျောင်းအပ်လက်ခံပေးဖို့နဲ့ စာသင်နှစ်တစ်နှစ်ကို ၄ ကြိမ်သာ စာမေးပွဲစစ်ဆေးပေးဖို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013