DVB Logo
Home
မြန်မာသတင်း

YBS 20 ယာဉ်လိုင်းမှ အလုပ်သမား ၂ ဦး နစ်နာကြေးရရေး ခုံသမာဓိကို ဆက်တက်မည်

DVB
·
May 20, 2018
Donate to DVB

 

ဦးကျော်နေဝင်း၊ ဦးအေးနေဝင်းတို့ တည်ထောင်ထားတဲ့ YBS 20 ယာဉ်လိုင်းက အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂ ယောက်အတွက် နို့တစ်ကြေး၊ အလုပ်ထုတ် နစ်နာကြေးတွေ ညှိနှိုင်းလို့ မရတာကြောင့် ရန်ကုန်တိုင်းခုံသမာဓိကို ဆက်တက်မယ်လို့ အလုပ်သမားတွေရဲ့ အကျိုးဆောင်က ပြောပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂ ယောက်အတွက် ရသင့်ရထိုက်တဲ့ ဥပဒေပါ အခွင့်အရေးတွေကို လိုင်သာယာမြို့နယ်ညှိနှိုင်းရေးမှာ မေလ ၁၇ ရက်နေ့က တွေ့ဆုံ ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

ယာဉ်မောင်းတွေရဲ့ အလုပ်သမားကိုယ်စားလှယ်က လုပ်ခကျန်ငွေ၊ Gazettet တရက်စာ၊ နို့တစ်ကြေးတစ်လစာနဲ့ အလုပ်ထုတ်နစ်နာကြေးတို့ကို တောင်းဆိုခဲ့ပေမယ့် အလုပ်ရှင်က လုပ်ခ တလစာက လွဲပြီး မပေးဘူး ငြင်းခဲ့တယ်လို့ ခုံသမာဓိ အလုပ်သမားအကျိုးဆောင် ဦးမောင်မောင်ဟန်က ဆိုပါတယ်။

ဒါ့အပြင် YBS ယာဉ်လိုင်းတွေ ပြေးဆွဲနေတဲ့ OMNI FOCUS ကုမ္ပဏီက ဝန်ထမ်းတွေကို EC စာချုပ်မချုပ်ထားတာ၊ လူမှုဖူလုံရေးမလုပ်ပေးထားတာတွေကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန လှိုင်သာယာမြို့နယ်ရုံးမှာ တိုင်ကြားထားပြီး မေလ ၁၈ ရက်နေ့က အလုပ်ရှင် အလုပ်သမား နှစ်ဘက်ခေါ်ယူ ညှိနှိုင်းခဲ့ပါတယ်။

ညှိနှိုင်းချက်အရ Gazetted Holiday ဖြတ်တောက်ငွေတွေကို ပြန်ပေးဖို့၊ ခွင့်တွေကို (၁၉၅၁ခုနှစ်)ခွင့်ရက်နှင့်အလုပ်ပိတ်ရက် အက်ဥပဒေ အတိုင်းပေးဖို့တွေကို သဘောတူညီမှု ရခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် Omni Focus ကုမ္ပဏီရဲ့ ယာဉ်ရပ်နား ဝင်းမှာ ဧပြီလ ၂၈ ရက်နေ့က YBS-(20)ယာဉ်မောင်း ဦးအောင်မြတ် နဲ့ ဦးကျော်မင်းထွန်းတို့ ယာဉ်မတော်တဆချိတ်မိခဲ့ပါတယ်။

ဒီလို အခင်းဖြစ်ပြီးပြီးချင်း ကုမ္ပဏီပိုင်ရှင်ဦးကျော်နေဝင်း၊ဦးအေးနေဝင်း တို့ရောက်ရှိလာပြီး ယာဉ်မောင်း ဦးအောင်မြတ်ကို ဆဲဆိုထိုးကြိတ်ခဲ့တယ်လို့ ကာယကံရှင် ဦးအောင်မြတ်က DVB ကို ပြောဆိုထားပါတယ်။  ဦးကျော်နေ၀င်းကတော့ သူအနေနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန် ခဲ့တာ မရှိဘူးလို့လည်း ဒီဗွီဘီကို ပြောဆိုထားတာရှိပါတယ်။

ဖြစ်စဉ်နဲ့ပတ်သတ်ပြီး YBS-(20)ယာဉ်မောင်း ဦးအောင်မြတ်က ကုမ္ပဏီပိုင်ရှင် ဦးကျော်နေဝင်း၊ ဦအေးနေဝင်း တို့ကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ လှိုင်သာယာမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး ဒီအမှုကို မေလ ၂၅ ရက်နေ့မှာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013