DVB Logo
Home
မြန်မာသတင်း
ကဏန်းအမာ တရုတ်အ၀ယ်များ၍ ကဏန်းပျော့ မွေးမြူရေးသမားများ အခက်ကြုံ
DVB
·
May 20, 2018
ကဏန်းအမာ တရုတ်အ၀ယ်များ၍ ကဏန်းပျော့ မွေးမြူရေးသမားများ အခက်ကြုံ
Donate to DVB

 

မြိတ်ကျွန်းစုဒေသရဲ့ ရေထွက်ပစ္စည်း တမျိုးဖြစ်တဲ့ ကဏန်းအမာတွေကိုသာ တရုတ်နိုင်ငံက အ၀ယ်များနေသောကြောင့် မြိတ်၊ ကျွန်းစုဒေသရှိ ကဏန်းပျော့ မွေးမြူသူတွေ အခက်အခဲဖြစ်ပေါ်နေကြတယ်လို့ မွေးမြူသူတွေက ပြောပါတယ်။

ကျွန်းစုမြို့နယ်၊ ပထက်ကျေးရွာရှိ အပြည်ပြည်ဆိုင်ရာ ပြည်ဖြိုးထွန်း ကုမ္ပဏီလီမိတက် ကဏန်းပျော့မွေးမြူရေးလုပ်ငန်း တာဝန်ခံ မန်နေဂျာ ဦးမြတ်နိုးသူက “ကျနော်တို့ ကဏန်းပျော့ မွေးမြူရေး လုပ်ငန်းကို ၂၀၀၄ ခုနှစ်က စခဲ့တာပါ၊ အဆင်ပြေလာတော့ နှစ်အလိုက် တိုးချဲ့ပြီး ၁၈ ကန်အထိ ဖြစ်လာတယ်။ ၂၀၁၇ ခုနှစ်၊ ဧပြီလကစပြီး ကုန်ကြမ်း ကဏန်းအမာတွေ ၀ယ်ယူမှုက ဈေးတအား မြင့်တက်လာတော့ တွက်ခြေမကိုက် ဖြစ်လာတယ်။ အခုဆို ကန်တွေ ပြန်လျှော့လိုက်လို့ ၁၁ ကန်ပဲ ကျန်တော့တယ်၊ အလုပ်သမားတွေ လျော့လိုက်ရတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ကုန်ကြမ်း ကဏန်းအမာတွေကို တရုတ်ကုန်သည်တွေက မြိတ်မြို့ ဒေသခံ အ၀ယ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး၊ အ၀ယ်ဒိုင် ၃၀ မှ ၄၀ နီးပါးအထိ ဖွင့်လှစ်ကာ လာရောက်ဝယ်ယူနေကြပါတယ်။

ဒေသခံအများစုဟာ ကဏန်းအမာတွေကို အရင်က မွေးမြူရေးကန်တွေဆီ အဓိကထား ရောင်းချကြပေမယ့် လက်ရှိမှာ ဈေးကြီးပေးဝယ်ယူတဲ့ တရုတ်ကုန်သည်တွေကိုသာ ရောင်းချနေလို့ ကဏန်းပျော့မွေးမြူသူတွေ အခက်အခဲဖြစ်လာတာလို့ မြိတ်တဖက်ကမ်းရှိ ကောင်းကောင်း ဂဏန်းပျော့ မွေးမြူရေးကန်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကဏန်းပျော့ ဈေးကွက်က ထိန်းချုပ်လို့ မရဘူး ဖြစ်နေပြီ။ အဓိကတော့ ဒေသခံတွေက ဈေးပိုပေးနေတဲ့ အ၀ယ်ဒိုင်တွေဆီကိုပဲ အားကိုးပြီး ရောင်းနေကြတော့ ဒီဘက်က မွေးမြူရေးကန်တွေကို သိပ်မလာကြတော့ ကုန်ချော လုပ်ငန်းရှင်တွေမှာ အများကြီး ထိခိုက်လာတယ်။”

၂၀၁၆ မှ ၂၀၁၇ ခုနှစ်ထိ ကဏန်းအမာ တစ်ပိဿာ ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ဈေးအမြင့်ဆုံးပေး ၀ယ်ယူခဲ့ရပြီး လက်ရှိအချိန်မှာ တရုတ်ကုန်သည်တွေက တစ်ပိဿာ ၁၂၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ် အထိ ဈေးပေးဝယ်ယူနေတယ်လို့ ဆိုပါတယ်။

ကဏန်းပျော့ မွေးမြူရေး လုပ်ငန်းရှင်တွေက ၁၁၀၀၀ ကျပ် အထိ ဈေးပေးဝယ်ပေမယ့် ဒေသခံတွေက ဈေးပိုရတဲ့ တရုတ်တွေကိုသာ ဦးစားပေး ရောင်းချနေတာကြောင့် ဈေးကွက် မယှဉ်နိုင်ကြဘူးလို့ မွေးမြူသူတွေက ပြောပါတယ်။

ကဏန်းပျော့ မွေးမြူရေး လုပ်ငန်းဟာ မြိတ်ဒေသမှာ ၃ ခု ရှိပြီး လက်ရှိမှာတော့ အလုပ်သမားတွေ တဖြည်းဖြည်း လျှော့ချလာနေကြောင်း သိရရပါတယ်။

Export ထုတ်ကုန်ချောအဖြစ် ဂဏန်းပျော့ တစ်ကီလိုလျှင် ၁၅၀၀၀ ကျပ် ဖြစ်ပြီး မြိတ်၊ ကျွန်းစုမြို့နယ်တွေမှာ ကဏန်းပျော့ မွေးမြူရေး လုပ်ငန်းနဲ့ ရေထွက်ပစ္စည်း ထုတ်ကုန်တွေကို ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှားနဲ့ ဂျပန်နိုင်ငံတွေကို တင်ပို့နေပါတယ်။

 

သတင်းရိုက်ကူးပေးပို့သူ

ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013