
အစိုးရ အောင်ဘာလေထီတွေ သတ်မှတ်နှုန်းထက် ပိုရောင်းနေတာ လျော့လာအောင် ထီ ၁၀၀၀ တန် ထပ်မံရောင်းချဖို့ စဉ်းစားထားတယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
မေလ ၁၇ က နေပြည်တော်မှာ လုပ်တဲ့ အစိုးရ ဒုတိယ တနှစ်တာ ဆောင်ရွက်ချက်တွေအကြောင်း ရှင်းလင်းရင်း ပြောခဲ့တာပါ။
“မကြာခင် အောက်တိုဘာလောက်မှာ တင်ပြပြီးတော့ ခွင့်ပြုမယ်ဆိုရင် ၅၀၀ နဲ့ ၁၀၀၀ ရောင်းချင်တယ်။ ၅၀၀ တန်ထိုးချင်တဲ့သူလည်းထိုး၊ ၁၀၀၀ တန်ထိုးချင်တဲ့ သူလည်းထိုး။ အဲလိုလုပ်လို့ရှိရင် နိုင်ငံတော် ရငွေလည်း တိုးလာမယ်” လို့ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ကာလတုန်းကလည်း ကျပ် ၂၀၀ တန်ထီနဲ့အတူ ၅၀၀ တန်ထီကိုပါ တွဲထုတ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ၂၀၀ တန်ထီကို ဆက်မထုတ်တော့ပါဘူး။ လက်ရှိမှာတော့ ကျပ် ၅၀၀ နဲ့ပဲ ရောင်းဖို့ သတ်မှတ်ထားတဲ့ ထီတစောင်ဟာ ကျပ် ၆၀၀၊ ၇၀၀ လောက်အထိနဲ့ ရောင်းချနေကြတာပါ။
ဦးမင်းထွဋ်ကတော့ “အဲဒီအခါကျရင် ၁၀၀၀ တန်ရောင်းတဲ့ သူက တအုပ်ရောင်းရရင် ကော်မရှင် ၁၀၀၀ ရမယ်။ အဲတော့ သူသည် ၃ အုပ်လောက် ရောင်းရရင် ကော်မရှင် ၃၀၀၀ ရမယ်။ ဒီလိုမျိုး ကျနော်တို့က ထီနှုန်းထားလေးကို မြှင့် မြှင့် လုပ်သွားမယ်ဆိုရင် အပြင်မှာ ထီရောင်းတဲ့ ဈေးမြင့်တာတွေ နည်းသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။











