
လက်ရှိ ကျင်းပနေတဲ့ ပဲခူးမြို့ ရွှေမော်ဓောဘုရား ဗုဒ္ဓပူဇနိယပွဲမှာ အမျိုးသား ၈ ယောက်ပါ “ရှပ်” ခါးပိုက်နှိုက်ဂိုဏ်းနဲ့ အမျိုးသမီး ၉ ယောက်ပါ “ဘ” ခါးပိုက်နှိုက်ဂိုဏ်းကို စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရွှေမော်ဓောဘုရားပွဲမှာ နေ့စဥ် ပွဲစျေးတန်းလျှောက်သူတွေရဲ့ ဖုန်းတွေ ခါးပိုက်နှိုက်ခံရပြီးနောက် ဧပြီ ၁ ရက်မှာ ခါးပိုက်နှိုက် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို ဖမ်းမိရာက ကွင်းဆက် အနေနဲ့ ဆက်တိုက်ဖမ်းမိခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“နေ့တိုင်း ပျောက်လိုက်တဲ့ဖုန်းတွေ အလုံးပေါင်း မရေတွက်နိုင်ဘူး။ ဖုန်းကို ဘယ်လိုပဲ လုံခြုံအောင် ထားထား အနှိုက်ခံရတာပဲ။ ဘုရားပွဲစျေးနဲ့မတူဘူး၊ ခါးပိုက်နှိုက်တွေအတွက် ပွဲကျင်းပ ပေးသလို ဖြစ်နေတယ်။ အခု ခါးပိုက်နှိုက်တွေကို မိထားတာ မနည်းဘူးလို့ ကြားတယ်။”
ဖမ်းမိတဲ့ ခါးပိုက်နှိုက် ၁၇ ယောက်မှာ ‘ဘ’ ဂိုဏ်းနဲ့ ‘ရှပ်’ ဂိုဏ်းမှ အမျိုးသား၊ အမျိုးသမီးတွေဖြစ်ပြီး မတ် ၂၉ ရက်ကနေ ဧပြီ ၅ ရက်အတွင်း ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“‘ရှပ်’ ဂိုဏ်းဆိုတာ ရှပ်အင်္ကျီအိတ်ကပ်ထဲက ဖုန်းတွေကို သီးသန့်နှိုက်တဲ့အဖွဲ့၊ ‘ဘ’ ဂိုဏ်းက ဘောင်းဘီအိတ်ထဲက ဖုန်းတွေပဲ ရွေးပြီးနှိုက်တာ။ အဲဒီဂိုဏ်းမှာက မိန်းကလေးများတယ်၊ ယောကျ်ားလေးတွေကို အထာပေးတဲ့ပုံစံနဲ့ ညုတုတုလုပ်မယ်၊ ပြီးရင် ဖုန်းနှိုက်သွားရော။ တပ်က အရာရှိတွေတောင် ‘ဘ’ ဂိုဏ်းက ဖုန်းနှိုက်တာ ခံရတယ်။”
အခုလို ဂိုဏ်းအဖွဲ့လိုက် ဖမ်းမိခဲ့တာဟာ မတ် ၃၀ ရက်က ပွဲစျေးအနီး ဝေစုခွဲရင်း ခါးပိုက်နှိုက် အချင်းချင်း ရန်ဖြစ်ရာက ၃ ယောက်ကို ဖမ်းမိခဲ့ပြီး ကွင်းဆက်အနေနဲ့ ၁၇ ယောက်ကို ထပ်မံဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ သိန်းမင်း၊ ရန်ပိုင်စိုး၊ ဇော်မိုးလတ်၊ သူရိန်ထွန်း၊ ရဲရင့်နောင်၊ သန့်ဇော်၊ ရဲလင်းထက်၊ ကိုနိုင်နဲ့ မညိုမာဦး၊ မနှင်းနှင်းဦး၊ မနှင်းဝေလွင်၊ မသန်းသန်းအေး၊ မထက်ထက်လှိုင်၊ မသန်းဆင့်၊ မမြိုင်မြင်သန်း၊ မသန်းချို၊ မအိဖြိုးနိုင်တို့ကို ပဲခူးမြို့မစခန်းမှာ စစ်ဆေးနေပါတယ်။
၂၆၀၈ နှစ်မြောက် ပဲခူး ရွှေမော်ဓောဘုရား ဗုဒ္ဓပူဇနိယပွဲကို မတ် ၂၇ ရက်ကနေ ဧပြီ ၅ ရက်အထိ တိုင်းအစိုးရက ဦးစီးကာ စစ်ကောင်စီတပ်က လုံခြုံရေးပေးပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။











