DVB Logo
Home
မြန်မာသတင်း
ဆီးချိုသွေးချိုရောဂါနှင့် ဦးနှောက်
DVB
·
May 19, 2018
ဆီးချိုသွေးချိုရောဂါနှင့် ဦးနှောက်
Donate to DVB

ဦးနှောက်ဟာ အလွန်အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာ ထပ်လောင်း ပြီး အထူးဖော်ပြစရာ လိုမယ်မထင်ပါဘူး။ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ခြုံကြည့်လိုက်ရင် မြင်တာ၊ ကြားတာ၊ ထိတွေ့ခံစားရတာ၊ အနံ့အရသာ အပါအဝင် အားလုံးကိုသိရှိစေပြီး ဒီခံစားချက်တွေကို စဉ်းစား၊ ဆင်ခြင်၊ တွေးခေါ်ပြီး နောက်ဆုံးမှာ တချို့ကို မှတ်ဥာဏ်ထဲမှာ သိမ်းဆည်း တယ်။ တချို့ကို တုံ့ပြန်မှုအနေနဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေ ပြုလုပ်ပေးပါတယ်။ ဒါပေမဲ့ တကယ့် ဦးနှောက်ထဲမှာ ဖြစ်ပျက်နေတာက ဒီ့ထက် အများကြီးရှုပ်ထွေးပါတယ်။

ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေကို ဖော်ပြတိုင်း ဦးနှောက်ကို ထည့်သွင်း ပြောဆိုလေ့သိပ်မရှိဘဲ အစွန်အဖျားနာ့ဗ်အာရုံကြောတွေ ထိခိုက်ပြီး ကျဉ်လာတာ (Peripheral Neuropathy) ကိုပဲ အမြဲဖော်ပြလေ့ရှိကြပါတယ်။ တကယ်တော့ ဦးနှောက်ကလည်း ဆီးချိုသွေးချိုရောဂါရဲ့ ဒဏ်ကမလွတ်ပါဘူး။ အမျိုးအစား (၂)ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ ဆီးချို သွေးချိုရောဂါကြောင့် ဦးနှောက်ထိခိုက်မှု သုံးမျိုးရှိပါတယ်။

(၁) မှတ်ဥာဏ်အားနည်းပြီး ဦးနှောက်၏စွမ်းဆောင်ရည် လျော့ကျခြင်း၊
သို့မဟုတ် သူငယ်ပြန်ခြင်း (Dementia or Alzheimer’s Disease)
ဆီးချိုသွေးချိုရောဂါက မှတ်ဥာဏ်အားနည်းပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်လျော့ကျတာ ဒါမှမဟုတ် သူငယ်ပြန်တာနဲ့ ဆက်စပ်မှုရှိပါတယ်။ ဆီးချိုရောဂါရှိသူတွေရဲ့ Cognitive Function ဒါမှမဟုတ် ဦးနှောက်စွမ်းဆောင်ရည်တွေဟာ ဆီးချိုသွေးချိုရောဂါ မရှိသူတွေထက်စာရင် ၅နှစ် စောပြီး ဆုတ်ယုတ်တတ်ပါတယ်။ ဦးနှောက်ကျုံ့ပြီး ဦးနှောက်ရဲ့ အပေါ်လွှာ(Cortex) ပါးလွှာ သွားတာက အသက်သိပ်မကြီးခင် စောဖြစ်တာ တွေ့ရှိရပါတယ်။ ဒါတွေဟာ ဆက်စပ်မှုရှိတယ်ဆိုတဲ့ တွေ့ရှိချက်တွေပဲဖြစ်ပြီး ဆီးချိုရှိသူတိုင်း မှတ်ဥာဏ်အားနည်းမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သွေးချို မကောင်းတာ (Poor Glycemic Control) နှစ်ပေါင်းကြာလာလေလေ၊ ဦးနှောက်ရဲ့ မှတ်ဥာဏ်နဲ့ စွမ်းဆောင်ရည်တွေ (Psychomotor Skill) လျော့ကျပြီး သူငယ်ပြန်တာ စောလေလေပါပဲ။ ဒါက ဆီးချိုများလို့ဖြစ်ရတာပါ။ တစ်ဖက်မှာလည်း ဆီးချိုကျတာ ခဏခဏ ဖြစ်နေရင်လည်း ဦးနှောက်ကိုထိခိုက်နိုင်တာ၊ မှတ်ဥာဏ်သုံးပြီး Cognitive Function လျော့နည်းသွား တတ်တာ ရှိနိုင်ကြောင်း သတိပြုရမှာဖြစ်ပါတယ်။

(၂) လေဖြတ်ခြင်း (Stroke)
ဦးနှောက်မှာရှိတဲ့ သွေးကြောတွေဟာ ဆီးချိုများတာ၊ သွေးတိုးတာနဲ့ သွေးတွင်းအဆီဓာတ် (Cholesterol) များတာကြောင့် သွေးကြောတွေ ကျဉ်းလာတတ်ပါတယ်။ ဒီမကောင်းတော့တဲ့ သွေးကြောတွေ ပိတ်တာ၊ ဒါမှမဟုတ် ပေါက်သွားတာကြောင့် ဦးနှောက်နေရာ တချို့က အလုပ် မလုပ်နိုင်တော့လို့ လေဖြတ်တာ ဖြစ်တတ်ပါတယ်။

(၃) စိတ်ဓာတ်ကျခြင်း (Depression)
ဆီးချိုသွေးချိုရောဂါဆိုတာ နာတာရှည်ရောဂါတစ်ခုဖြစ်လို့ ရောဂါရှင်တွေဟာ သာမန်လူတွေထက် စိတ်ဓာတ်ကျတာ ဖြစ်နိုင်ခြေ သုံးဆခန့်ပိုပါတယ်။ တစ်ဖက်မှာလည်း စိတ်ကျတာဟာ ဆီးချိုသွေးချိုရောဂါရှင်တွေမှာ အဖြစ်အများဆုံး စိတ်ဝေဒနာပဲဖြစ်ပါတယ်။ စိတ်ဓာတ်ကျတာက လူတစ်ဦးရဲ့ ကျန်းမာရေးအတွက် အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်စေပါတယ်။ အထူးသဖြင့် ဆီးချိုသွေးချိုရောဂါတွေမှာ လိုအပ်တဲ့ မိမိရောဂါကို မိမိထိန်းသိမ်းစောင့်ရှောက်လိုစိတ်တွေ ဆုတ်ယုတ်သွားစေပါတယ်။ ဒီလို မိမိရောဂါကို မိမိမစောင့်ရှောက်နိုင်ရင် ဆီးချိုသွေးချိုရောဂါ ပိုဆိုးပြီး စိတ်ဓာတ်က ပိုကျလာတတ်ပါတယ်။ အားအင်ကုန်ခန်းသလို ဖြစ်နေတတ်ပါတယ်။ နောက်ဆုံး ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေ ဆောလျင်စွာ ဝင်ရောက်လာနိုင်ပါတယ်။ တစ်ဖန် ရောဂါသစ်တွေ ကုရပြန်ရင်လည်း စိတ်ဓာတ်ကျတာ ပိုဆိုးသွားစေပါတယ်။
ဆီးချိုသွေးချိုရောဂါရှင်တွေရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုသုံးမျိုးကို ဆီးချိုသွေးချို ရောဂါရှင်နဲ့ မိသားစုဝင်တွေသာမက ကုသပေးနေရတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေအားလုံးကလည်း လျစ်လျူမရှုမိစေဖို့ အထူးသတိပြုရမှာ ဖြစ်ပါတယ်။

အခု ဆက်လက်ပြီး ဆီးချိုသွေးချိုရောဂါကြောင့် စိတ်ဓာတ်ကျနေတဲ့ ဒေါ်နှင်းအကြောင်းကို ပြောပြချင်ပါတယ်။

ဒေါ်နှင်းက အသက် ၇၀ ရှိပါပြီ။ သားသမီး ၅ ယောက်ရှိပြီး သားသမီးတွေက သူ့အပေါ် ဂရုတစိုက် စောင့်ရှောက်ကြပါတယ်။ သူ ဆီးချိုဖြစ်တာ သက်တမ်း ၁၅ နှစ်လောက်ရှိနေပြီမို့ နောက်ဆက်တွဲရောဂါ တချို့တွေလည်း ရှိနေပါတယ်။ ကျောက်ကပ်ပျက်စီးတာ စ နေပြီး ခြေထောက်လည်း ကျဉ်နေပါတယ်။ နှလုံးသွေးကြောကျဉ်းတာလည်း ရှိပါတယ်။ ဆေးဝါးနဲ့ ထိန်းနိုင်ပါတယ်။ သွေးချိုကတော့ အခုတလော ပိုဆိုးလာတာ သတိပြုမိပါတယ်။
“ဒေါ်နှင်းရဲ့ သွေးချိုများလာပြီ။ အစာမထိန်းမိလို့လား။ ဆေးတွေကော သောက်ရဲ့လား” လို့ ဆရာမက မေးလိုက်တော့-
“ကျွန်မ ဒီနောက်ပိုင်း အားလည်းမရှိဘူး။ ဆေးတွေလည်း သောက်ရတာ ငြီးငွေ့လာပြီ။ သမီးအငယ်ဆုံး အိမ်ထောင်ကျသွားကတည်းက ဒီရောဂါတွေ ပိုဆိုးလာတာပဲ” လို့ ဒေါ်နှင်းကအားငယ်ဝမ်းနည်းတဲ့ လေသံနဲ့ ဖြေရှာပါတယ်။
“အို. . ဒါဆို အနားမှာ ဘယ်သူမှမရှိတော့လို့လား။ ညညမှာရော အိပ်ပျော်ရဲ့လား”
“အခုတလော ညတရေးနိုးရင် အိပ်လို့မရတော့ဘူး။ ခြေထောက်တွေကလည်း ပူပြီး ကျဉ်နေလို့ ပိုခံစားနေရတယ်။ စိတ်ညစ်ညစ်နဲ့ စားချင်တာ လျှောက်စားပစ်လိုက်တာပဲ။ နေချင် စိတ်လည်းမရှိတော့ပါဘူး ဆရာမရယ်”
“ဒေါ်နှင်းရဲ့ ရောဂါက သိပ်မဆိုးပါဘူး။ ဒေါ်နှင်းထက် ဆိုးတဲ့လူတွေ အများကြီး တွေ့နေရတာ။ ဆရာမတို့ ကောင်းအောင် ပြန်လုပ်ကြမယ်။ ဒေါ်နှင်းကလည်း စိတ်ပါမှ ဖြစ်မှာ”
“သွေးချိုတွေကလည်း အစား ဒီလောက် ရှောင်တာတောင် မရဘူးဆိုတော့ ကျွန်မ စိတ်ညစ်လာပြီ .. ကျွန်မ ဘာဆက်လုပ်ရဦးမှာလဲ ဆရာမရယ်”
“ဒေါ်နှင်း အခု အိပ်ပျော်အောင်နဲ့ စိတ်ပြန်ပျော်ရွှင်ပြီး စိတ်အားရှိလာအောင် ဆေးတွေပေးလိုက်မယ်။ သားသမီးတွေကလည်း အလုပ်များပေမယ့် အမေကြီးကို ဂရုစိုက်ပေးပါ။ ဆေးမှန်မှန် သောက်အောင် သတိပေးပါ။ အစားအသောက်ကိုပဲ အပြစ်တင်ပြီး လူနာကို မဆူမိဖို့ လိုတယ်။ ဆီးချိုသွေးချိုကို ပိုထိန်းနိုင်တဲ့ ဆေးတွေကိုလည်း ပြောင်းပေးကြည့်ပါဦးမယ်” လို့ ဆရာမက ဒေါ်နှင်းသာမက သူနဲ့အတူပါလာတဲ့ သားသမီးတွေကိုပါ မှာလိုက်ပါတယ်။
နောက် နှစ်လခန့်အကြာမှာ ဒေါ်နှင်းတစ်ယောက် ပြန်ပြီး ပျော်ရွှင်တဲ့အမူအရာနဲ့ အားတက်လာပုံရပါတယ်။
“ဒီတစ်ခါတော့ ကျွန်မ သွေးချိုတွေလည်း ကောင်းသွားပြီ။ အိပ်လို့လည်း ပျော်သွားပြီ ဆရာမ . . ကျေးဇူးတင်ပါတယ်”
“သိပ်ကောင်းတာပေါ့။ စိတ်ပါမှ ဆီးချိုတွေထိန်းတာ ပိုကောင်းလာမှာ။ သွေးချိုကောင်းမှ နောက်ထပ်ရောဂါသစ်တွေ မဝင်လာလို့ စိတ်ပိုရွှင်မယ်။ စိတ်ဓာတ်ကျတာ ပြန်လျော့သွားတာပေါ့”

မှတ်ချက်
(၁) သွေးချိုက အမြဲမြင့်နေရင်၊ ဒါမှမဟုတ် မြင့်လိုက်၊ ကျလိုက်ဖြစ်နေရင် အာရုံကြောတွေ ထုံထိုင်းပြီး ပူကျဉ်ကာ ထိုးနေတတ်ပါတယ်။
(၂) ဦးနှောက်ကလည်း ဆီးချိုသွေးချိုရောဂါကြောင့် ထိခိုက်တာ မလွတ်ကင်းပါဘူး။ လေငန်းရောဂါဖြစ်တာ၊ မှတ်ဥာဏ်နည်းပြီး သူငယ်ပြန်တာ၊ စိတ်ဓာတ်ကျဆင်းတာတွေ ဖြစ်တတ်ပါတယ်။
(၃) ဦးနှောက်နဲ့ အာရုံကြောတွေ မထိခိုက်အောင် ဆီးချိုသွေးချိုရောဂါကို စောစောကတည်းက ထိရောက်အောင် တိုင်းတာကုသရမယ့်အပြင် သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ်တွေကိုလည်း ထိန်းထားရပါမယ်။
(၄) သွေးချိုမြင့်နေရင် အလိုလိုစိတ်ဓာတ်ကျဆင်းတတ်ပါတယ်။ စိတ်ဓာတ်ကျရင် ဆီးချိုထိန်းတာ ညံ့ဖျင်းလာတတ်ပြီး နောက်ထပ်စိတ်ဓာတ်ကျစရာတွေ ပိုများလာမှာ ဖြစ်ပါတယ်။

Grand Hantha Diabetes Center ဖေ့ဘွတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013