DVB Logo
Home
မြန်မာသတင်း
အသည်းရောင်အသားဝါ (ဘီ)နှင့်ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးကြရန် တိုက်တွန်း
DVB
·
May 19, 2018
အသည်းရောင်အသားဝါ (ဘီ)နှင့်ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးကြရန် တိုက်တွန်း
Donate to DVB

အသက် ၅ နှစ်ခွဲကနေ ၇ အရွယ်ကလေးတွေအနေနဲ့ အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး မထိုးခဲ့ရတာကြောင့် ဒီလထဲမှာ သွားထိုးကြဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုက်တွန်းနေပါတယ်။

၂၀၁၁ ခုနှစ် ဧပြီလကနေ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာ အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေး မပါခဲ့တာကြောင့် အဲဒီကာလမှာ မွေးခဲ့တဲ့ ကလေးတွေအတွက် ပြန်လည်ထိုးနှံပေးမှာ ဖြစ်ပါတယ်။

ဧပြီလက စပြီး ထိုးပေးနေတာ ဖြစ်ပြီး ထိုးရမယ့် ရက်တွေကတော့ သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ကာကွယ်ဆေးထိုးတဲ့ ရက်တွေအတိုင်း ဖြစ်ပါတယ်။

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းရဲ့ စီမံချက်မန်နေဂျာ၊ ဒု-ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းက ဆေးမထိုးခဲ့ရတဲ့ ကလေးပေါင်း ၁၄ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။

ပြီးတော့ အသက် ၉ လကနေ ၁၅ နှစ်အရွယ် ကလေး ၁၀ သိန်းကျော်ဟာလည်း ပြီးခဲ့တဲ့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံတုန်းက မထိုးခဲ့ရတာကြောင့် အခု သွားရောက် ထိုးနှံလို့ရမှာ ဖြစ်ပါတယ်။

ဒေါက်တာ ထားထားလင်းက “ဂျပန်ဦးနှောက်ရောင်ဆေးက တကြိမ်ပဲ ထိုးရမှာပါ။ အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေးက တလခြားပြီး ၃ ကြိမ်ထိုးရမှာဖြစ်လို့ မေလမှာ နောက်ဆုံးထားပြီး ထိုးရမှာပါ။ ဇွန်လ ဆိုရင်တော့ ထိုးပေးမှာ မဟုတ်တော့ပါဘူး” လို့ ပြောပါတယ်။

ကာကွယ်ဆေးတွေကို ဧပြီ၊ မေ၊ ဇွန်နဲ့ ဇူလိုင်လတွေမှာ ထိုးနှံပေးမှာ ဖြစ်ပြီး ဆေးရုံ အခြေပြု ဆေးထိုးခန်းတွေ၊ တိုင်း၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်ဆေးရုံကြီးတွေ၊ ဒေသန္တရ၊  မိခင်နဲ့ ကလေး ကျန်းမာရေးဌာနတွေ၊ အအေးလမ်းကြောင်းရှိတဲ့ တိုက်နယ်ဆေးရုံတွေ၊ ကျေးလက်ကျန်းမာရေး ဌာနတွေမှာ ထိုးနှံနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013