DVB Logo
Home
မြန်မာသတင်း
ပိတ်မိပြည်သူများကို သွားရောက်တွေ့ဆုံမည့်ခရီးစဉ် သတင်းမီဒီယာအဖွဲ့ ပိတ်ပင်ခံရ
DVB
·
May 19, 2018
ပိတ်မိပြည်သူများကို သွားရောက်တွေ့ဆုံမည့်ခရီးစဉ် သတင်းမီဒီယာအဖွဲ့ ပိတ်ပင်ခံရ
Donate to DVB

ကချင်ပြည်နယ်အစိုးရ စီစဉ်တဲ့ အင်ဂျန်းယန်မြို့နယ်က ပိတ်မိပြည်သူတွေကို သွားရောက်တွေ့ဆုံဖို့ အကြိုခရီးစဉ်ကို ဒီနေ့ စတင်ခဲ့ပေမယ့် မြစ်ကြီးနားမြို့နယ် နောင်နန်းရပ်ကွက်အရောက်မှာ သတင်းမီဒီယာအဖွဲ့ကို မလိုက်ပါဖို့ အာဏာပိုင်တွေက တားဆီးပိတ်ပင်ခဲ့ပါတယ်။

ပြည်နယ်စုပေါင်းရုံးက ထွက်ခွာတဲ့အချိန်ထိ သတင်းမီဒီယာအဖွဲ့တွေကို လိုက်ပါဖို့ ပြည်နယ်အစိုးရကိုယ်တိုင် စီစဉ်ခွင့်ပြုခဲ့ပေမယ့် နောင်နန်းရပ်ကွက်အ၀င်မှာတော့ လိုက်ပါခွင့်မရှိတော့ကြောင်း မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

”လိုက်ခွင့်မရှိဘူးဆိုရင် လိုက်ခွင့်မရှိဘူးပေါ့ဗျာ” လို့သာ သတင်းထောက်တွေရဲ့ မေးခွန်းအပေါ် ဖြေကြားခဲ့ပြီး ဘယ်သူက ညွှန်ကြားတားဆီးခဲ့တယ်ဆိုတာကို ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

တားဆီးခံရတဲ့ သတင်းမီဒီယာအဖွဲ့တွေမှာ ပြည်နယ်အခြေစိုက်သတင်းဌာနတွေလည်း ပါဝင်ပြီး ဒီဗွီဘီနဲ့ Eleven Media က သတင်းထောက်တို့လည်း ပါဝင်ပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် ကိုဆလိုင်းက သတင်းထောက်တွေအနေနဲ့ အင်ဂျန်းယန်မြို့နယ်မှာရှိတဲ့ စစ်ရှောင်တွေရဲ့ အခြေအနေကို သတင်းဖော်ပြဖို့အတွက်သာ ခရီးစဉ်မှာ ပါဝင်လိုတာဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်ဘက်က အကြောင်းပြချက်ပေးသင့်တယ်လို့ ပြောပါတယ်။

”ကျနော်တို့ကို သွားလို့မရတော့ဘူးဆိုပြီး လမ်းခုလတ်မှာ ပြောတယ်။ ဘယ်သူက တားတာလဲဆိုတာ သိချင်တယ်။ အစိုးရလား၊ တပ်ကလားပေါ့။ သူတို့က မပြောဘူး။ ကျနော်တို့က အင်ဂျန်းယန်မှာရှိတဲ့ စစ်ရှောင်တွေကို သွားတွေ့ချင်တယ်။ သူတို့အခြေအနေကို သွားကြည့်ချင်တာ။ ဒါကို ဘာလို့ လိုက်ခွင့်မပေးလဲဆိုတာ ကျနော်လည်း မသိဘူး”လို့ သူက ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ပြည်နယ်အခြေစိုက်တဲ့ သတင်းဌာနတွေအပါအ၀င် ဒီဗွီဘီ၊ အာရ်အက်ဖ်အေနဲ့ ရိုက်တာသတင်းဌာနတို့အနေနဲ့ ပြီးခဲ့တဲ့အပတ်က ပြန်ကြားရေးဝန်ကြီးဌာနစီစဉ်တဲ့ တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာ သွားရောက်သတင်းယူတဲ့ ခရီးစဉ်ကိုလည်း ပိတ်ပင်ခံခဲ့ရပါတယ်။

ပြည်နယ်အစိုးရစီစဉ်တဲ့ အင်ဂျန်းယန်မြို့နယ်ခရီးစဉ်ဟာ အဲဒီက ပိတ်မိပြည်သူတွေကို သွားရောက်ကူညီရန်အတွက်သာဖြစ်ပြီး အဲဒီကပြည်သူတွေက မြစ်ကြီးနားမြို့နယ်ကို မပြောင်းရွှေ့လိုတဲ့အတွက် သူတို့ကို ပြောင်းရွှေ့ပေးဖို့ အစီအစဉ်မရှိဘူးလို့လည်း မြစ်ကြီးနားခရိုင်အုပ်ချုပ်ရေးမှူးက ပြောဆိုထားပါတယ်။

အခုခရီးစဉ်မှာတော့ ပြည်နယ်အစိုးရဘက်က လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်လိုက်ပါခြင်းမရှိဘဲ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူး၊ ကြက်ခြေနီအသင်း၊ အင်ဂျန်းယန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကချင်လူငယ်တွေ လိုက်ပါသွားခဲ့ပါတယ်။

အင်ဂျန်းယန်မြို့နယ်မှာ ပိတ်မိပြည်သူ ခြောက်ရာကျော်ရှိပြီး တပ်မတော်ဘက်က အဲဒီလူတွေကို ဝင်၊ ထွက်ခွင့်ပိတ်ထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013