
တိုင်းဒေသကြီးနဲ့ မြို့နယ်နဲ့ မြို့နယ်ခွဲ စည်ပင်သာယာရေးအဖွဲ့တွေရဲ့ သက်တမ်း၊ လစာ၊ ချီးမြှင့်ငွေ၊ စရိတ်ကိစ္စတွေကို လာမယ့် စည်ပင်သာယာရေး ဥပဒေမူကြမ်းမှာ ထည့်သွင်း ရေးဆွဲထားတယ်လို့ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။
မေ ၁၇ ရက် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ သန်လျင်မြို့နယ်အမတ် ဦးအောင်နိုင်ထွန်းက ၂၀၁၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေပါ စည်ပင်သာယာရေးအဖွဲ့တို့ရဲ့ သက်တမ်း၊ လစာ သို့မဟုတ် ချီးမြှင့်ငွေ၊ စရိတ်ငွေတို့နဲ့ စပ်လျဉ်းပြီး မေးမြန်းရာမှာ မြို့တော်ဝန်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့တာပါ။
မြို့တော်ဝန်က "ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေ ၅/၂၀၁၃ ကို ပြန်လည်ပြုပြင်ရေးဆွဲချိန်မှာတော့ ကော်မတီဝင်တွေ ရွေးချယ်တာရယ်၊ လစာစရိတ် ထောက်ပံ့တာတွေရယ် ဥပဒေအသစ်မှာ တိတိကျကျ ထည့်သွင်းပြီးတော့ ဥပဒေပါ အချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်သွားမယ်လို့" ဖြေကြားသွားပါတယ်။
အရင်တုန်းကတော့ စည်ပင်အဖွဲ့ဝင်တွေဟာ လုပ်ခမရကြသလို ချီးမြှင့်ငွေနဲ့ စရိတ်ငွေတွေလည်း မထောက်ပံ့နိုင်ခဲ့ဖူးလို့ မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောပါတယ်။
“ရန်ကုန်စည်ပင်သာယာရေးဥပဒေပုဒ်မ-၅/၂၃မှာ ဖျက်သိမ်းထားခဲ့ပြီးတော့ သူတို့ လခလည်း မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အခန်း (၃)၊ ပုဒ်မ-၁၁ မှာ ဝန်ကြီးသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် တိုင်းဒေသကြီးကော်မတီ၏ နောက်မြို့နယ် ကော်မတီ သို့မဟုတ် မြို့နယ်ခွဲကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များရဲ့လစာ သို့မဟုတ် ချီးမြှင့်ငွေနှင့် စရိတ်ကို သတ်မှတ်ခွင့်ပြုနိုင်သည်လို့ ပြဋ္ဌာန်းထားပေမယ့် မြို့တော်စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ဝင်ငွေနည်းပါးပါတယ်။ ဒါကော်မတီထဲမှာပါတဲ့ ၃၃ မြို့နယ်ရဲ့ အပြင်ဖြစ်တဲ့အတွက် သူတို့ရဲ့ရပ်တည်မှုရဲ့ ရငွေဟာ နည်းပါးတဲ့အတွက် ဒီ ချီးမြှင့်ငွေနဲ့ စရိတ်ငွေကို မထောက်ပံ့နိုင်ပါဘူး။”
တိုင်းဒေသကြီး စည်ပင်သာယာကော်မတီ၊ မြို့နယ်ကော်မတီနဲ့ မြို့နယ်ခွဲကော်မတီဝင်တို့ရဲ့ သက်တမ်းဟာ အစိုးရအဖွဲ့ရဲ့ သက်တမ်းအတိုင်းဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ ဥပဒေ ၅/၂၀၁၃ အခန်း ၃ ဥပဒေ ပုဒ်မ (၉) မှာ ပြဋ္ဌာန်းထားပါတယ်။
ဓာတ်ပုံ-ရန်ကုန်တိုင်းအစိုးရ











