ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တလအတွင်း မြေမြှုပ်မိုင်းနင်းမိတာကြောင့် အရပ်သား ၇ ယောက် သေဆုံးခဲ့ပြီး ၉ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ တလအတွင်း မြေမြှုပ်မိုင်းနင်းမိလို့ ဧရာဝတီတိုင်းမှာ အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့ရပြီး အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
မြေပြင်ကူညီဆောင်ရွက်ပေးသူတယောက်က “ဘယ်အဖွဲ့တွေက ထောင်ထားတာလဲတော့ မသိဘူး၊ မိုင်းထိလို့ တလအတွင်းမှာ အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။ ဒဏ်ရာရသွားတဲ့သူတွေလည်း မနည်းဘူး။ အရပ်သားတွေရဲ့ လယ်မြေနဲ့ခြံတွေထဲမှာ ထောင်ထားတဲ့ မိုင်းတွေကို နင်းမိပြီး ထိတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်း လေးမျက်နှာ၊ သာပေါင်း၊ ကြံခင်း၊ ရေကြည်၊ အင်္ဂပူ စတဲ့မြို့တွေမှာ မြေမြှုပ်မိုင်း နင်းမိမှု အဓိက ဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကလည်း ဒေသခံ စစ်ရှောင်တွေနဲ့ တောင်သူလယ်သမားတွေ ဖြစ်တယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်က အရပ်သားတယောက်က “လယ်ထဲ၊ ယာထဲတောင် မသွားရဲတဲ့အထိ ဖြစ်နေတယ်။ လေးမျက်နှာမြို့နယ်၊ ကက္ကူကျေးရွာက အသက် ၅၉ နှစ်ကျော်ကျော်အရွယ် ဦးမြင့်ရှိန်ဆို သူ့အပိုင် လိမ္မော်သီးခြံထဲမှာ မိုင်းနင်းမိ သေဆုံးခဲ့တာ။ ဖေဖော်ဝါရီလပထမ အပတ်ထဲမှာ သေဆုံးသွားတာ” လို့ ပြောပါတယ်။
မိုင်းနင်းမိတဲ့ ဖြစ်စဉ်ကြောင့် သေဆုံးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ အချက်အလက် စာရင်းတွေဟာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေဖြစ်ပြီး တကယ့်မြေပြင်မှာ အခုထက် များနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုင်းနင်းမိလို့ အရပ်သားတွေ သေဆုံးဒဏ်ရာရခဲ့တဲ့နေရာ ဒေသအများစုဟာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ ယာယီစခန်းချတာ၊ ကင်းပုန်းဝပ်တာတွေ ပြုလုပ်ခဲ့တဲ့နေရာတွေ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာလည်း ဧရာဝတီတိုင်းထဲမှာ မိုင်းနင်းမိပေါက်ကွဲလို့ အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။











