DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူများ အမှန်တကယ် နစ်နာမှုရှိပါက တရားစွဲနိုင်
DVB
·
May 18, 2018
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူများ အမှန်တကယ် နစ်နာမှုရှိပါက တရားစွဲနိုင်
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေအနေနဲ့ နစ်နာမှုတွေရှိပါက အမှုဖွင့်နိုင်ဖို့ မြန်မာအစိုးရက ကူညီသွားမှာဖြစ်ပြီး အမှန်တကယ် ကျူးလွန်သူတွေကို အရေးယူမယ်လို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

မေ ၁၇ ရက်က ပြုလုပ်တဲ့ အစိုးရရဲ့ ဒုတိယ ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက   မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေဆိုတာပါ။

“စွပ်စွဲမှုတွေ မျိုးစုံရှိတယ်။ တခုခုဆိုရင် အမှန်မှာတော့  တဦးချင်း အမှုဖွင့်ရမှာ စွပ်စွဲရမှာ၊ ဒါပေမယ့် အဖွဲ့လိုက် နာမည်ပျက်တယ်။ ဥပမာ တပ်မတော်က ဘာဖြစ်တယ်၊ ဘယ်သူက ဘာဖြစ်တယ် စသည်ဖြင့် အဖွဲ့လိုက်ကြီးကို စွပ်စွဲမှုတွေ ရှိတယ်။ အဖွဲ့လိုက် စွပ်စွဲတာထက် တကယ်ကျူးလွန်တဲ့သူသည် သူ့အပြစ်ကို ခံရမယ်၊ ဒီဟာ အရေးကြီးတယ်၊ အဲဒီအတွက်ကြောင့်မို့လို့ အဲဒီလို အမှုဖွင့်နိုင်အောင် ဘယ်သူက တရားစွဲချင်သလဲ စွဲပါ၊ ဘယ်သူက သက်သေခံမှာလဲ ခံပါ၊ ဒါတွေအတွက်ကို ဒီဘင်္ဂလားဒေ့ရှ်ရောက်တဲ့သူတွေ အကုန်လုံးမှာ ဒီအခွင့်အရေး ရတယ်ဆိုပြီး ကြေညာတယ်။ ကြေညာပြီးလို့ရှိရင် ကဲ ဖွင့်ချင်တဲ့သူ ဖွင့်၊ စွဲချင်တဲ့သူ စွဲ၊ အဲဒီအတွက်ကို မြန်မာနိုင်ငံကနေပြီးတော့ အစိုးရကနေပြီးတော့ ကူညီဆောင်ရွက်ပေးတယ်။ အဲဒီစနစ်ပါ။ အဲဒါက အခု စမယ်။ အဲဒါ အောင်မြင်ရင် သူတို့ဘာသူ စွပ်စွဲမယ်၊ စွပ်စွဲရင် စစ်ဆေးမယ်၊ တကယ်ဟုတ်ရင် အရေးယူမယ်။ အဲဒါပါပဲ” လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့သူတွေက နစ်နာမှုရှိတယ်လို့ စွပ်စွဲမှုတွေရှိနေတဲ့အတွက် မြန်မာအစိုးရဘက်က အခုလို ဆောင်ရွက်ပေးတာဖြစ်ပြီး အမှုကို မြန်မာနိုင်ငံဘက်ကမှာ ဖွင့်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ရှိတယ်လို့ပြောလို့ နိုင်ငံတော်က ဆောင်ရွက်ပေးတာ ပွင့်ပွင့်လင်းလင်း။ အဲဒါက ပြန်လာတဲ့ကိစ္စနဲ့ မဆိုင်ဘူး။ ဟိုဘက်ကနေ အမှုဖွင့်လို့ရတယ်။ ပြန်လာတာနဲ့ မဆိုင်ပါဘူး၊ သက်သေတောင်မှ ဒီဘက်ကစရိတ်နဲ့တောင် ခေါ်ပေးဦးမှာ၊ ဒီဘက်မှာ လာဖွင့်ရမှာ၊ ဟိုဘက်မှာ ဖွင့်တာ မဟုတ်ဘူး၊ ဒီဘက်မှာ လာဖွင့်ရမှာ” လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဓမ္မပြုကျင့်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုပြီး    ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာ ထွက်ပြေးသွားသူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အစဉ်တစိုက် စွပ်စွဲ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013