DVB Logo
Home
မြန်မာသတင်း
ပြည်သူများ အစမ်းသပ်ခံမဖြစ်စေရေး ကျန်းမာရေးလုပ်ငန်းများကို စစ်ဆေးနေဟု ဝန်ကြီးပြော
DVB
·
May 18, 2018
ပြည်သူများ အစမ်းသပ်ခံမဖြစ်စေရေး ကျန်းမာရေးလုပ်ငန်းများကို စစ်ဆေးနေဟု ဝန်ကြီးပြော
Donate to DVB

အသိအမှတ်မပြုသေးတဲ့ ကုထုံးတွေ၊ ဆေးတွေကြောင့် ပြည်သူတွေ အစမ်းသပ်ခံ မဖြစ်စေချင်လို့ ကျန်းမာရေးလုပ်ငန်းတွေကို ရှောင်တခင်စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့  လူမှုရေးဝန်ကြီးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးရုံးမှာ မနေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီနဲ့ ကိုယ်ပိုင်ဆေးကုဂေဟာတွေ တွေ့ဆုံပွဲမှာ တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားခဲ့တာပါ။

“ကျနော်တို့အနေနဲ့ ရှောင်တခင်စစ်ဆေးမှုတွေကို ဆက်ပြီး လုပ်ဆောင်သွားမှာပါ။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းစင်တာ ကြီးကြပ်ရေးကော်မတီက ဆေးခန်းတွေ ဖွင့်တဲ့အချိန်က စပြီး ဆေးရုံ၊ ဆေးခန်းအားလုံးကို စိစစ်မှုတွေ ဆောင်ရွက်နေတာ ရှိပါတယ်။ သတင်းရရင် ရသလို စိစစ်ဆောင်ရွက်နေတာ ရှိပါတယ်။ ဆေးရုံတွေ၊ ဆေးခန်းတွေကို ဝင်စစ်တာတွေ ရှိတယ်။ ဘာကြောင့် ဒီလို ဆောင်ရွက်ရတာလဲဆိုရင် ကျနော်တို့နိုင်ငံမှာ အားလုံးဥပဒေနဲ့အညီ နေထိုင်မယ်ဆိုရင် ဥပဒေစိုးမိုးမှု ရှိလာမယ်။ ဥပဒေစိုးမိုးမှုကတဆင့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို တက်လှမ်းနိုင်မှာ ဖြစ်တယ်။ နိုင်ငံသားတွေအနေနဲ့ အစမ်းသပ်ခံသဘောမျိုး မဖြစ်စေချင်ဘူး။”

နိုင်ငံတော်က အသိအမှတ်မပြုသေးတဲ့ ကုထုံးတွေနဲ့ ဆေးတွေကြောင့် ပြည်သူတွေ အစမ်းသပ်ခံ မဖြစ်စေချင်လို့ ကျန်းမာရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ၀န်ကြီးက တိုက်တွန်းပါတယ်။

ပုဂ္ဂလိကဆေးခန်းတွေ ပြိုင်ဆိုင်မှု အားကောင်းလာရင် ကျန်းမာရေးစရိတ် ပိုမိုနည်းပါးလာမှာ ဖြစ်သလို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ရရှိလာမှာ ဖြစ်ကြောင်း၊ အစိုးရဘက်က မပေးနိုင်တဲ့ ဝန်ဆောင်မှု အခွင့်အလမ်းတွေ ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ဒါကြောင့် ပုဂ္ဂလိကလုပ်ငန်းတွေ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဥပဒေအရ ဆောင်ရွက်ကြဖို့ ဝန်ကြီးက တိုက်တွန်းပါတယ်။

“ဥပဒေနဲ့အညီ နိုင်ငံသားတွေကို လက်တွဲဆောင်ရွက်စေချင်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ အဲဒီလိုစိစစ်တဲ့အခါမှာ ပထမရည်ရွယ်ချက်တချက်ကတော့ ပုဂ္ဂလိက လုပ်ငန်းလိုင်စင် ရှိ၊ မရှိ စိစစ်ပါတယ်။ တရားမဝင်နိုင်ငံခြားသား ဆေးကုသသူများ တရားမဝင်ဆေး ကုသပေးခြင်း ရှိ၊ မရှိကို စိစစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်ကမ်းတွေကို လိုက်နာဆောင်ရွက်ထားခြင်း ရှိ၊ မရှိ စိစစ်ပါတယ်’’လို့ ဦးနိုင်ငံလင်းက ပြောပါတယ်။

ပုဂ္ဂလိကဆေးခန်းတွေအတွက် ၂၀၀၃ ခုနှစ်မှာ ဆေးကောင်စီက ထုတ်ပြန်ထားတဲ့ ဆေးနဲ့ပတ်သက်တဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေထဲမှာ ဆေးပညာအသိဉာဏ် ချို့တဲ့သူတွေအပေါ်မှာ အခွင့်ကောင်းယူပြီး ရောဂါအပေါင်း ပျောက်ကင်းမယ်လို့  ကြော်ငြာတာ မပြုလုပ်ရလို့ အတိအလင်း ဖော်ပြထားပါတယ်။

Photo : Yangon Region Government

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013