DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား-မန္တလေး မီးရထားလမ်းများ မိုင်းခွဲ ဖျက်ဆီးခံရ၊ ခရီးသည်များ အခက်ကြုံ
DVB
·
May 17, 2018
မြစ်ကြီးနား-မန္တလေး မီးရထားလမ်းများ မိုင်းခွဲ ဖျက်ဆီးခံရ၊ ခရီးသည်များ အခက်ကြုံ
Donate to DVB

 

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ထဲမှာ မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတွေ မိုင်းခွဲ ဖျက်ဆီးခံခဲ့ရလို့ ခရီးသည်တွေကို ကားတွေနဲ့ အခမဲ့ပို့ဆောင်ပေးခဲ့ရတယ်လို့  ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

မိုးကောင်းမြို့နယ် မရမ်းဘူတာနဲ့  နမ္မတီးဘူတာကြား မိုင်တိုင်အမှတ် ၆၉၅/၂၄-၂၃ တံတားအမှတ် ၆၈၁ (တံတားညီနောင်)မှာ မေ ၁၅ ရက် ည ၁၁ နာရီ ၂၅ မိနစ်လောက်က မြစ်ကြီးနား-ဟိုပင် တွဲငါးတွဲပါ APT မိုင်းရှင်းရထားဟာ မိုင်းပေါက်ကွဲလို့  သုံးတွဲမြောက် သံချပ်ကာတွဲနဲ့ လေးတွဲမြောက် မိုင်းခံတွဲတို့ ၄၅ ဒီဂရီ စောင်းသွားခဲ့ပြီး သံလမ်း ပျက်စီးသွားပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

ယင်းနေ့ ည ၁၁ နာရီ မိနစ် ၅ဝမှာ  ထိုပူး - မိုးကောင်းဘူတာသွား ရထားလမ်း မိုင်တိုင် ၆၈၂/၁-၂ ကြားတံတားအမှတ် ၆၆၂ မှာ မိုးညှင်းမှ မြစ်ကြီးနားသို့ မောင်းနှင်လာတဲ့ အမှတ် ၂၄၇ အဆန်ကုန်ရထား ဖြတ်သန်းစဉ် သံလမ်းတွန့်ခေါက်ပြီး တံတားအုတ်ခုံကွဲနေတာကို တွေ့ရှိရလို့ ရထားကို ထိန်းမောင်းနှင်ခဲ့ရာ မိုးကောင်းဘူတာသို့ မေ ၁၆ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ်မှ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

မေ ၁၆ ရက်မနက်မှာတော့  မန္တလေးဘက်မှ မြစ်ကြီးနားသို့ ခရီးသည်တွေ တင်ဆောင်လာတဲ့ အမှတ် ၅၅ အဆန် မီးရထားဟာ မရမ်းကျေးရွာနဲ့ ထိုပူးကျေးရွာရှိ မီးရထား လမ်းတွေ မိုင်းပေါက်ကွဲမှုကြောင့် မိုးညှင်းမြို့ မီးရထားဘူတာရုံမှာ ယာယီရပ်ဆိုင်းခဲ့ရပြီး တာဝန်ရှိသူတွေက ခရီးသည် ၁၁၈ ဦးအား မော်တော်ယာဉ်သုံးစီးနဲ့ သွားလိုရာနေရာကို အခမဲ့ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ညနေပိုင်းမှာလည်း မိုးညှင်းဘူတာသို့ ဆိုက်ရောက်မယ့် အမှတ် ၄၈ အဆန် ဒုတိယ အမြန်ရထားနဲ့ လိုက်ပါလာမယ့် မီးရထားစီးခရီးသည်တွေကိုလည်း နေရပ်သို့အရောက် ပို့ဆောင်ဖို့ စီစဉ်ခဲ့ရသလို မိုးကောင်းမြို့အဝင်မှာ မီးရထားလမ်းပျက်စီးခဲ့လို့ ဟိုပင်ဘူတာမှာ မန္တလေးဘက်မှ ထွက်ခွာလာတဲ့ အမှတ် ၃၇ အဆန် မန္တလာရထားနဲ့အမှတ် ၅၇ အဆန် မြစ်ဆုံ မန္တလာရထားတွေက ခရီးသွား ၁ဝ၇ ဦး တို့ကိုကားနဲ့  မြစ်ကြီးနားသို့ ပို့ပေးခဲ့ရပါတယ်။

မိုးကောင်းဘူတာနဲ့ ထိုပူးဘူတာအကြားရှိ မီးရထားလမ်းတွေကို  မိုင်းထောင်ဖျက်ဆီးခဲ့ တာဟာ ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။

မိုးကောင်းဘူတာနဲ့ ထိုပူးဘူတာအကြား (မိုင်တိုင် အမှတ်၊ ၆၈၂/၁နှင့် ၆၈၂/၂ အကြား) မီးရထားသံလမ်းတံတား အမှတ်၊ ၆၆၂ ကို မိုင်းထောင်ဖောက်ခွဲခဲ့ရာမှာ သံလမ်းတံတားရှိ အုတ်ခုံ ၄ ပေလောက် ပွင့်ထွက် တံတားသံဘောင် ကျိုးထွက်ကာ သံဘောင်မှာ ၄ ပေလောက် ကွေးသွားခဲ့ပြီး မိုင်းထောင်ရာမှာသုံးတဲ့ ရီမုဆားကစ်အိမ် ၂ ခုနဲ့ ယမ်းထုတ် ၁ ထုတ် ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကားလမ်း၊ ရထားလမ်းတွေအနီး နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ပတ်ဝန်းကျင်တဝိုက်မှာ မသင်္ကာဖွယ်ရာလှုပ်ရှားမှုတွေ၊ ဖောက်ခွဲရေးပစ္စည်းလို့ ယူဆရတဲ့ အရာဝတ္ထုများ တွေ့ရှိရင် သက်ဆိုင်ရာကို အချိန်မီသတင်းပို့ကြဖို့ နှိုးဆော်ထားပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013