DVB Logo
Home
Lead Story
မုတ်သုံမိုး လာပြီလေ
DVB
·
May 17, 2018
မုတ်သုံမိုး လာပြီလေ
Donate to DVB

 

"မုတ်သုံမိုး ရွာပြီလေ၊ မုတ်သုံမိုး ရွာပြီလေ၊ လယ်ကွင်းပြင်မှာ တို့ ပျော်နေ တို့ ပျော်နေ၊ ရွာပြီလေ မုတ်သုံမိုး ရွာပြီလေ"

ကျနော်တို့ ငယ်ငယ်က မြန်မာ့အသံ ရေဒီယိုကနေ ဒီသီချင်းသံကြားရင် အပြင်မှာ မိုးတော်တော်ရွာနေပါပြီ။ အထူးသဖြင့် မှတ်မိနေတာက ဇွန်လဆန်း ကျောင်းဖွင့်ချိန်ဖြစ်ပြီး မိုးရေတွေထဲ ကျောင်းဆင်း ကျောင်းတက် လုပ်ရတာပဲ ဖြစ်ပါတယ်။ ရေဒီယိုသီချင်းထဲက ကြားရလို့သာ မုတ်သုံမိုးရွာတယ်လို့ သိရပေမယ့် ဒီလိုမုတ်သုံမိုးတွေက ဘယ်လို မိုးလေဝသဖြစ်စဉ်တွေကတဆင့် ဖြစ်လာသလဲ ဆိုတာတော့ သေသေချာချာ မသိပါဘူး။ အဆိုတော် ကိုင်ဇာ သီချင်းထဲကလို မိုးရွာရင် မိုးရေချိုးပြီး ဘောလုံးကန်ဖို့ပဲ စိတ်ဝင်စားတဲ့ ကျောင်းသားဘဝ မဟုတ်လား။ နှစ်ကာလတွေကို ဖြတ်သန်းရင်း အသက် တဖြည်းဖြည်း ရလာတော့ ပထမဆုံး နာဂစ်မုန်တိုင်းဆိုတာက မြန်မာနိုင်ငံကို ခပ်ကြမ်းကြမ်း လှုပ်ခတ်လိုက်ပြီး ရာသီဥတုကို စိတ်ဝင်စားဖို့ ပြည်သူလူထုကို လှုပ်နှိုးခဲ့တယ်။ ပုံမှန်ကြားနေကျ ရေဒီယိုက ထုတ်လွှင့်တဲ့ မိုးလေဝသသတင်းကို နားစိုက်ထောင်ကြဖို့လည်း အကြောင်းဖန်လာခဲ့ပြီး မိုးလေဝသဗေဒင်ဟောတဲ့ ဆရာဦးထွန်းလွင်တယောက်လည်း မြန်မာပြည်မှာ ပေါ်ပြူလာ ဖြစ်လာပါတော့တယ်။ မိုးလေဝသ ခေါင်းလောင်းတီးသံ ညံခဲ့တာပေါ့။

"မုတ်သုံဝင်တာက ပြောရလို့ရှိရင် အင်ဒိုချိုင်းနားကျွန်းဆွယ်ကနေပြီးတော့ ဝင်လာတယ်၊ တောင်ပိုင်း ဝင်မယ်၊ ပြီးလို့ရှိရင် မုတ်သုန်ဆိုတာ အပူကြောင့်ဖြစ်တဲ့ ဖြစ်စဉ်ကိုး၊ ပထမဆုံး ဖြစ်လာမယ့်ဖြစ်စဉ်က အပူချိန်မြင့်တက်မယ်၊ အပူစီးကူးမှု ဖြစ်စဉ်ကြောင့် ဖြစ်လာမယ့် မိုးတိမ်တောင်တွေပေါ့၊ အဲ့ဒါပြီးရင် မိုးရွာချမယ်၊ မိုးရွာတာက မုတ်သုံဝင်မယ်ဆိုရင် မိုးသက်သက်ရွာတာကတော့ ၅ ရက်ပေါ့၊ နောက် လေတိုက်ခတ်မှုကလည်း အနောက်တောင်မုတ်သုံလေ ဖြစ်မယ်၊ တိမ်အမျိုးအစားကလည်း အလွှာထပ်တိမ်တွေ ဖြစ်မယ်၊ ဒီလို အနေအထားတွေပေါ့နော်၊ အဲဒီအချက်အလက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် ကျမတို့က မုတ်သုံသွင်းပါတယ်။" ဒီလို ရှင်းပြခဲ့သူက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန် ဖြစ်ပါတယ်။

သက်ဆိုင်ရာ ပညာရှင် ရှင်းပြ ပြောပြမှပဲ မုတ်သုံ ဘယ်ကလာပြီး ဘယ်လို လက္ခဏာတွေ ရှိတယ်ဆိုတာ သိရတယ်။ မုတ်သုံဆိုတာ မလာခင် ဖြစ်တတ်တဲ့ သတိထားစရာ မိုးလေဝသဖြစ်စဉ်တွေလည်း ရှိသေးတယ်။ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်ပြောတဲ့ သတိထားရမယ့် မိုးလေဝသဖြစ်စဉ်တွေက ဒီလိုပါ။

"မွန်းလွဲ ညနေပိုင်းတွေ သတိထားရမှာက မိုးတိမ်တောင်တွေ ဖြစ်လာတယ်၊ မိုးတိမ်တောင်ရဲ့ အောက်ခြေမှာ ဖြစ်တတ်တဲ့ လေပြင်းတိုက်ခတ်မှုတွေ၊ မိုးသီးကြွေတာတွေ၊ မိုးရွာသွန်းမှု ပြင်းထန်တာတွေ အဲဒါတွေကို သတိထားရမယ်၊ နောက် အပူချိန်မြင့်တက်လာတာ မိုးမရွာခင်မှာ အပူချိန်မြင့်တက်လာတာတွေ အဲ့ဒါတွေ သတိထားရမယ်၊ အလယ်ပိုင်းဒေသက ပိုဆိုးတာပေါ့၊ ချောက်၊ မကွေး၊ မင်းဘူး၊ ပခုက္ကူ၊ သူတို့ဆိုရင် ၄၃ တို့ ၄၄ တို့ ၄၅ တို့ထိ ဖြစ်သွားတာ။ အပူချိန်တွေမြင့်တက်မယ်။ ကျမတို့ ကိရိယာတွေနဲ့ တိုင်းထွာလိုက်တဲ့အခါ လေဖိအားနည်းရပ်ဝန်းတွေ များလာတာပေါ့နော်၊ ကုန်းပေါ်မှာ လေဖိအားနည်းရပ်ဝန်းပေါ်တယ်၊ အဲဒီလေဖိအားနည်းရပ်ဝန်း ပေါ်တဲ့အတွက်ကြောင့် အပူချိန် မြင့်တက်တယ်၊ အပူချိန်မြင့်တက်တဲ့အတွက်ကြောင့် လေတိုက်ခတ်မှုရှိလာမယ်။" သူပြောသလိုပဲ အခုရက်ပိုင်းမှာ ညနေတိုင်ရင် လေပြင်းတိုက်ပြီး မိုးကြိုးပစ်တာ၊ မိုးရွာချတာတွေ အပြင်မှာ ကြုံနေရတယ်။ အခုရက်ပိုင်းပဲ ထွက်ပေါ်လာတဲ့ သတင်းတရပ်က မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ် ဧပြီလကနေ ၂၀၁၈ ခုနှစ် မတ်လအထိ ကာလအတွင်း မိုးကြိုးပစ်မှုဖြစ်စဉ် ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၁၁၁ ယောက် သေဆုံးကာ ဒဏ်ရာရရှိသူ ၃၉ ယောက်ရှိဆိုတဲ့သတင်း ဖြစ်တယ်။ မေလ ၁၅ ရက်က နေပြည်တော်မှာလုပ်တဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောခဲ့တာလည်း ဖြစ်ပါတယ်။

မုတ်သုံမိုးနဲ့အတူ ပါလာတတ်တဲ့ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းတို့ကို သတိထားနေထိုင်တတ်ကြဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်တယ်။ ဒီနှစ်မှာတော့ အပူပိုင်းဖြစ်စဉ်တခုဖြစ်တဲ့ အနောက်တောင်မုတ်သုံလေဟာ မေလ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းကို စတင်ဝင်ရောက်ဖို့ ရှိတယ်။ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ရင် အားကောင်းတဲ့မုတ်သုံဖြစ်မယ်။ မဖြစ်ရင် အားနည်းတဲ့မုတ်သုံပဲဝင်မယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားတယ်။ တောင်ပိုင်းက စတင်ဝင်ရောက်မယ့် မုတ်သုံဟာ တောင်ပိုင်းပြီးရင် မြစ်ဝကျွန်းပေါ်၊ ပြီးရင် မြန်မာနိုင်ငံအလယ်ပိုင်း ရခိုင်၊ နောက် ရှမ်းကုန်းမြေမြင့်၊ ပြီးရင် မြန်မာနိုင်ငံမြောက်ပိုင်း အဆင့်ဆင့် ဖြတ်သန်းဝင်ရောက်သွားမှာ ဖြစ်ပါတယ်။ မိုးလေဝသ မှတ်တမ်းတွေအရ ၁၉၈၁ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ နှစ် ၃၀ အတွင်း မြန်မာနိုင်ငံကို မုတ်သုံလေ ဝင်ရောက်မှု အနေအထားကြည့်ပြီး မေ ၁၈ ရက်မှာ မြန်မာနိုင်ငံကို မုတ်သုံလေ ဝင်ရောက်လေ့ရှိတယ်လို့လည်း မိုးဇလဌာန အဆိုအရ သိရတယ်။ မုတ်သုံမိုး ရွာပါတော့မည်။ အားနည်းသည်ဖြစ်စေ အားကောင်းသည်ဖြစ်စေ လာနေကျ မုတ်သုံမိုး လာပါတော့မည်။ ရွာပါတော့မည်။ မိုးရွာမှာကို မျှော်နေကြသူများရှိသလို မိုးရွာမှာကို မလိုသူ မကြိုက်သူများလည်း လောကသဘာဝ ရှိပါလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် မုတ်သုံမိုးကတော့ မကြာမတင် လာကိုလာ၊ ရွာကို ရွာပါတော့မည်။

ကိုရွှေအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013