
မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့မှာ မြန်မာငွေကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိတဲ့ နိုင်ငံခြားငွေတွေကို မေလ ၁၆ ရက် မနက်က ဖမ်းဆီးရမိခဲ့ပါတယ်။
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှာ မြန်မာနိုင်ငံဘက်က တာဝန်ရှိအဖွဲ့တွေ ပူးပေါင်းစစ်ဆေးရေးရာမှ ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့သွားမယ့် VOXY အဖြူရောင်ကားတစီးကို ရပ်တံ့စစ်ဆေးရာမှ အောင်မျိုး (အသက် ၄၀) မောင်းနှင်လာတဲ့ ကားအင်ဂျင်ခန်းထဲမှာ သတင်းစာစက္ကူနဲ့ ထုပ်ထားတဲ့ အထုပ် ၂ ထုပ်ကို တွေ့ရှိရတဲ့အတွက် ရှာဖွေစစ်ဆေးရာ အမေရိကန်ဒေါ်လာ ၁၆၁,၂၉၀ ဒေါ်လာ၊ ယူရိုငွေ ၄၃၅၀ ယူရို၊ ဂျပန်ငွေ ၁၃၁၇,၀၀၀ ယန်းတို့ကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
မြ၀တီမြို့မရဲစခန်းမှူးက “မြန်မာ-ထိုင်းနယ်စပ်မှာ ခရီးသွားအကြိုပို့ပြုလုပ်တဲ့ ယာဉ်မောင်းသူကတဆင့် ဖမ်းဆည်းရမိတဲ့ ပြဿနာရှိတဲ့အတွက် ယာဉ်မောင်းသူက တာဝန်ရှိ တာကြောင့် ယာဉ်မောင်းသူတွေ သတိရှိဖို့ လိုပါတယ်။ ခရီးသည်တွေကို မသင်္ကာတာ တွေ့ပါက နီးစပ်တဲ့ နယ်ခံရဲတပ်ဖွဲ့ထံ အမြန်ဆုံး တိုင်ကြားပူးပေါင်းတာ အကောင်းဆုံးဖြစ်တယ်” လို့ ပြောပါတယ်။
အဆိုပါ နိုင်ငံခြားငွေတွေ့ရှိရတဲ့အတွက် ရန်ကုန်တိုင်း ဒလမြို့နယ်နေ ယာဉ်မောင်း အောင်မျိုး (အသက် ၄၀)အရွယ်ကို ဥပဒေအရအရေးယူပေးဖို့ မြ၀တီမြို့ မရဲစခန်းကို(ပ)၃၇၇/ ၂၀၁၈၊၂၀၁၂ နိုင်ငံခြားငွေ စီမန်ခန့်ခွဲရေး ဥပဒေ ပုဒ်မ-၄၂ နဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ဖမ်းမိရမိတဲ့ နိုင်ငံခြားငွေဟာ မြန်မာငွေတန်ဖိုး ကျပ်သိန်း ၂၀၀၀ ကျော်ရှိပြီး ကားကိုလည်း နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းဖို့ အမှုတင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။











