DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
DVB
·
May 17, 2018
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
Donate to DVB

 

ဒီတပတ်ရဲ့ Movie Crazy-DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန် တင်ဆက်နေကျဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံး မိတ်ဆက်ပြောပြချင်တဲ့ ဇာတ်ကားကတော့ Bookclub ဆိုတဲ့ ဟောလိဝုဒ် ရုပ်ရှင်ကားတကားပါ။ ဒီကားကတော့ Paramount ရုပ်ရှင်ထုတ်လုပ်ရေးကနေ တင်ဆက်လိုက်တာ ဖြစ်ပြီး ဒါရိုက်တာ Bill Holderman က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ငယ်သူငယ်ချင်းတွေ ဖြစ်ကြတဲ့ အသက်ကြီးကြီး အမျိုးသမီးကြီး လေးယောက် အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။

သူတို့လေးယောက်ဟာ Bookclub တခုမှာ လစဉ် ဆုံတွေ့ကြပြီး ရှင်သန်နေထိုင်ရာကနေ စာအုပ်တအုပ်ကို ဖတ်လိုက်မိရာက ဘဝနေထိုင်မှု ပုံစံတွေ ပြောင်းလဲသွားကြတဲ့ အကြောင်းပါ။

စာအုပ်ကို ဖတ်ပြီးချိန်မှာ သူတို့ဘဝအတွက် ပျော်ရွှင်စရာတွေ၊ မလုပ်ဖူးခဲ့တဲ့ အရာတွေ အချစ်သစ် ရှာဖွေတာတွေ စတဲ့အရာတွေကို ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။

သူတို့ဖတ်လိုက်တဲ့ စာအုပ်ကတော့ ပရိသတ်တွေ သိကြပြီးဖြစ်တဲ့ Bestseller စာအုပ်တအုပ်ဖြစ်တဲ့ 50 Shades of Grey ဖြစ်ပါတယ်။ ဒီစာအုပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးတော့လည်း အောင်မြင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဒီစာအုပ်ကြောင့် ပြောင်းလဲသွားရတဲ့ အမျိုးသမီးကြီးတွေအကြောင်းကို ရှုစားကြရမှာ ဖြစ်ပါတယ်။

ဇာတ်ကားထဲက အသက် ၆၀ တန်းအရွယ် ဇာတ်ကောင်အမျိုးသမီးတွေရဲ့ နေရာ မှာတော့ ဟောလိဝုဒ် နာမည်ကြီးမင်းသမီးတွေ ဖြစ်ကြတဲ့ Jane Fonda, Diane Keaton, Candice Bergen, Mary Steenburgen တို့က ဦးဆောင်ပါဝင်ထားကြတာပါ။

ဒီမင်းသမီးကြီးတွေဟာ ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြပြီး ရုပ်ရှင်ထူးချွန်ဆုတွေလည်း ရဖူးကြသူတွေ ဖြစ်ကြပါတယ်။

အသက်အကြီးဆုံးဖြစ်တဲ့ Jane Fonda ဆိုရင် အမေရိကန်နိုင်ငံရဲ့ တသက်တာ ရုပ်ရှင်ထူးချွန်ဆု ရရှိထားသူဖြစ်ပြီး လက်ရှိမှာတော့ အသက် ၈၀ အရွယ် ရှိနေပြီ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ သူတို့လေးယောက် ဘယ်လို အပြိုင်ကြဲ သရုပ်ဆောင်ထားကြမလဲ ဆိုတာကို စောင့်ကြည့်ကြရမှာပါ။

ဇာတ်ဝင်ခန်းတွေထဲမှာ လိင်ပိုင်းဆိုင်ရာ ပြကွင်းပြကွက်တွေနဲ့ Dialog တွေ ပါဝင်တာကြောင့် ဒီကားကို အသက် ၁၃ နှစ်အောက် ကလေးငယ်တွေကိုတော့ မိဘအုပ်ထိန်းသူမပါဘဲ ကြည့်ရှုဖို့ မသင့်တော်ဘူးဆိုပြီး PG-13 အဆင့် သတ်မှတ်ထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

ဒီကားကိုတော့ လာမယ့် မေလ ၁၈ ရက်နေ့မှာ ရုံတင်ပြသွားမှာ ဖြစ်ပါတယ်။

ဒုတိယတကား မိတ်ဆက်ပေးချင်တာကတော့ မြန်မာရုပ်ရှင် ပရိသတ်တွေအတွက်ပါ။

‘မတစ်ထောင် တစ်ကောင်ဘွား’လို့ အမည်ရပါတယ်။ ဒီနာမည်ကြားတာနဲ့ ပရိသတ်တွေက နာမည်ကြီး စာရေးဆရာ မင်းသိင်္ခရဲ့ ဝတ္ထု ဆိုတာကို သိကြမှာပါပဲ။

ဒီကားဟာလည်း မထွက်ခင်တည်းက ပရိသတ်တွေကြားမှာ လူပြောများနေတာ ဖြစ်ပါတယ်။ လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်လိုက်တဲ့ ဒီကားကိုတော့ နေစိုးသော်က ဇာတ်ညွှန်းခွဲပြီး ဒါရိုက်တာ ခင်စောမျိုးက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒါဟာ ကိုလိုနီခေတ်နောက်ခံ ဝတ္ထုတပုဒ်ဖြစ်ပြီး အမျိုးသမီးတယောက် အိမ်ထောင်ပြု မှားရာကနေ ရောင်းစားခံ၊ အနိုင်ကျင့်ခံရာကနေ ပေါက်ဖွားလာတဲ့ မတစ်ထောင် တစ်ကောင်ဘွားနဲ့ လျှို့ဝှက်လူသတ်မှုတွေကို အကွက်ကျကျ မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်တဲ့ အမှန်တရား ဘက်တော်သားဖြစ်တဲ့ မင်းသိင်္ခရဲ့ ပင်တိုင်ဇာတ်ကောင် ဆားပုလင်းနှင်းမောင်တို့ ကြားက ဇာတ်လမ်းဇာတ်ကွက်တွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ အမျိုးသားသရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ရဲအောင်၊ အောင်ရဲလင်းတို့နဲ့ အတူ အမျိုးသမီး သရုပ်ဆောင် ခိုင်သင်းကြည်နဲ့ သင်ဇာဝင့်ကျော်တို့က ခေါင်းဆောင်ပါဝင်ထားကြတာပါ။

ဒီကားကိုတော့ လာမယ့် မေလ ၂၅ ရက်နေ့မှာ ရုံတင်ပြသပေးတော့မှာ ဖြစ်ပါတယ်။

နောက်ထပ်တကား မိတ်ဆက်ပြောပြပေးချင်တာကတော့ British-American Science Fiction Romantic Comedy ရုပ်ရှင်ကားတကားပါ။ How to Talk to Girls at Party လို့ အမည်ရပါတယ်။

ဒီကားကိုတော့ မနှစ်က 2017 Cannes Film Festival မှာ အထူးပွဲပြသခဲ့ပြီး ဒီနှစ်မှာတော့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

အမေရိကန် ရုပ်ရှင်ဒါရိုက်တာ John Cameron Mitchell ရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့ ဗြိတိန်မင်းသား Alex Sharp, အမေရိကန်မင်းသမီး Elle Fanning တို့နဲ့အတူ မြန်မာပရိသတ်တွေ ရင်းနှီးပြီးဖြစ်တဲ့ သြစတေးလျမင်းသမီး Nicole Kidman တို့က ခေါင်းဆောင် ပါဝင်ထားကြပါတယ်။

ဇာတ်လမ်းအခြေတည်တာကတော့ ၁၉၇၀ ပြည့်နှစ် လန်ဒန်မြို့နောက်ခံနဲ့ ရိုက်ကူး တင်ဆက်ထားခဲ့တာပါ။

ရှက်ရွံ့တတ်တဲ့ ဆယ်ကျော်သက်ကောင်လေး Enn ဟာ လန်ဒန်မြို့ ဆင်ခြေဖုံးတနေရာမှာ နေထိုင်ပါတယ်။ သူဟာ သူငယ်ချင်းတွေနဲ့ အဲဒီအချိန်က ခေတ်စားတဲ့ ဂီတပုံစံတခုဖြစ်တဲ့ Punk Party တွေကို သွားနေကျပေါ့။ တညမှာတော့ သူတို့အုပ်စုဟာ Sexy ကျတဲ့ ကောင်မလေးအုပ်စုတစုနဲ့ ဆုံမိကြတယ်။

သူတို့ပုံစံတွေကို ကြည့်ရတာ တကယ့်ကို တခြားကမ္ဘာကလိုပဲ ဖြစ်နေပြီး တကယ်လည်း သူတို့က တခြားကမ္ဘာက ဂြိုဟ်သားတွေ ဖြစ်နေတဲ့အခါ ဘာတွေ ဆက်ဖြစ်ကြမလဲ။ ကြင်ရာဖက်ရှာဖို့ ရည်ရွယ်ချက်နဲ့ ကမ္ဘာမြေဆီ ရောက်လာတဲ့ လှပတဲ့ ဆယ်ကျော်သက် ဂြိုဟ်သားမလေး Zan နဲ့ လူသားကောင်လေး Enn ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ဒီကားထဲမှာ လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေ၊၊ မူးယစ်ဆေးအသုံးပြုတဲ့ ပြကွက်တွေနဲ့ ဝစ်လစ်စလစ်ပြကွက်တွေ စတဲ့ အခြေအနေတွေ ပါနေတာမို့ R Rated အဆင့် သတ်မှတ်ထားတာပါ။

ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် မေလ ၁၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

နောက်ထပ် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ မြန်မာဟာသ ဇာတ်မြူးကားတကားပါ။ ‘မေတ္တာထားတာ အဟုတ်ကိုပဲ’လို့ အမည်ရပါတယ်။

ဒီကားကိုတော့ ပန်းသခင် ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ထွန်းအောင်ကျော်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

သားကို အိမ်ထောင်ပြုပေးချင်တဲ့ အမေနဲ့ အိမ်ထောင်မပြုစေချင်တဲ့ အဖေကြားမှာ ပျော်ပျော်နေတတ်၊ အစအနောက်သန်တဲ့ သားနဲ့ တဖက်ကလည်း တူမလေး တယောက်တည်းကို သမီးရင်းလို ချစ်တဲ့ ဦးလေးမိသားစုကြား အခြေအနေတွေကို ရယ်မောပျော်ရွှင်ဖွယ် ရှုစားကြရမှာပါ။

ဒီကားထဲမှာတော့ သရုပ်ဆောင် မင်းသားတွေဖြစ်တဲ့ လူမင်း၊ ဖြိုးငွေစိုး၊ အောင်မင်းခန့်၊ ဗေလုဝတို့က ပါဝင်သရုပ်ဆောင်ထားကြပြီး အမျိုးသမီးသရုပ်ဆောင်တွေဖြစ်တဲ့ မေသန်းနု၊ ခိုင်သင်းကြည်၊ ဝင့်ယမုံလှိုင်တို့နဲ့ တွဲဖက် ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီကားကိုတော့ လာမယ့် မေလ ၂၅ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

မူဗီခရေဇီတွေကို နောက်ဆုံး ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ ကိုရီးယား Comedy နဲ့ Drama ကားတကားပါ။ Champion လို့ အမည်ရပါတယ်။

ဒီကားကိုတော့ Warner Bros ရုပ်ရှင်ကုမ္ပဏီက ထုတ်လုပ်လိုက်တာဖြစ်ပြီး ကိုရီးယား ဒါရိုက်တာ Kim Yong-Wan က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

နပန်းသမားတဦးရဲ့ အကြောင်းကို အခြေတည် ရိုက်ကူးထားတာဖြစ်ပြီး အဓိကသရုပ်ဆောင် နပန်းသမား Mark နေရာမှာတော့ မင်းသား Ma Dong-Seok က ပါဝင်ထားခဲ့တာပါ။

Mark ဟာ အမေရိကန်က နပန်းချန်ပီယံဟောင်းတဦးဖြစ်ပြီး ကိုရီးယားမှာ ကျင်းပမယ့် ပြိုင်ပွဲတွေမှာ အနိုင်ယှဉ်ပြိုင်ပြီး အောင်မြင်မှုရဖို့ ပြန်လာခဲ့ချိန်မှာ အရင်က တခါမှ မသိခဲ့ဖူးတဲ့ သူ့ရဲ့ ညီမဆိုတဲ့ တယောက်က ထင်မှတ်မထားဘဲ ပေါ်လာခဲ့ပါတယ်။

ညီမဖြစ်သူရဲ့ ကလေး ၂ ယောက်ကလည်း သူ့ကို တွယ်ကပ်နေခဲ့ပြီး ဘဝဟာ ရှုပ်ထွေးမှုတွေနဲ့ ကြုံလာခဲ့ချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ဟာသနဲ့ ဒရာမာ ရောပြီး တင်ဆက် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၀၈ မိနစ်ရှိတဲ့ ဒီကားထဲမှာတော့ ကိုရီးယားဘာသာစကားကို အသုံးပြုထားပြီး အင်္ဂလိပ်လို Subtitle ထိုးပေးထားပါတယ်။

ဒီကားကိုတော့ လာမယ့် မေလ ၁၈ ရက်နေ့မှာ ပြသသွားမှာ ဖြစ်ပါတယ်။

Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇ နာရီ ၃၀ မိနစ်မှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။

ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိသတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉ နာရီ ၃၀ မိနစ်၊ စနေနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်နဲ့ တနင်္ဂနွေနေ့မနက် ၉ နာရီ ၁၅ မိနစ်တို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီးတော့ အားပေးနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013