
ပြီးခဲ့တဲ့အပတ်ကမှ ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့ အာဆင်နယ်အသင်းဟာ မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ ပီအက်စ်ဂျီ (PSG) အသင်းကို ပင်နယ်တီအဆုံးအဖြတ် ၄-၃ နဲ့ရှုံးလို့ ဒုတိယအကြိမ်မြောက် ဥရောပအိပ်မက် ပျက်ပြယ်ခဲ့ရပါတယ်။
ပွဲကစားချိန်အတွင်း ဟာဗက်ဇ်ရဲ့ သွင်းဂိုးနဲ့ အာဆင်နယ်တို့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒမ်ဘီလီရဲ့ ပင်နယ်တီ ချေပဂိုးကြောင့် တဂိုးစီသရေနဲ့ အချိန်ပိုအထိ ဆက်လက်ကစားခဲ့ရတာ ဖြစ်ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်မှာ အာဆင်နယ်ဘက်က အီဇီနဲ့ အဓိကနောက်ခံလူ ဂါဘရီရယ်လ်တို ပင်နယ်တီ လွဲချော်ခဲ့လို့ ပီအက်စ်ဂျီက ချန်ပီယံလိဂ်ဖလားကို ဆက်တိုက်ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
ကွင်းတွင်းမှာ ၁၂၀ မိနစ်လုံးလုံး အကောင်းဆုံးကစားခဲ့တဲ့ ဂါဘရီရယ်လ်တယောက် နောက်ဆုံးပိတ် ပင်နယ်တီကို ဂိုးဘားပေါ် ကျော်ကန်မိခဲ့ပြီးနောက် ကစားသမားတွေ ကွင်းထဲမှာ မျက်ရည်ကျခဲ့ရသလို၊ အမ်မရိတ်စ်ကွင်းပြင်ပနဲ့ လန်ဒန်က ပရိသတ်တွေလည်း အကြီးအကျယ် စိတ်ပျက်ဝမ်းနည်းခဲ့ကြပါတယ်။










