DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းရှိ တပ်သိမ်းမြေဧက ၁၆၀၀ ကျော်ကို မူလပိုင်ရှင်တောင်သူများထံပြန်ပေး
DVB
·
May 16, 2018
စစ်ကိုင်းတိုင်းရှိ တပ်သိမ်းမြေဧက ၁၆၀၀ ကျော်ကို မူလပိုင်ရှင်တောင်သူများထံပြန်ပေး
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းမြေယာဧက ၁၆၀၀ ကျော်ကို မူလတောင်သူတွေကိုပြန်လည်ပေးအပ်ပြီး နိုင်ငံတော်ကို မြေဧက ၄၈၀၀ ကျော်ပြန်လည်အပ်နှံလိုက်ပါတယ်။

ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ရွှေဘိုခရိုင်တို့မှာ တပ်မတော်က သိမ်းဆည်းထားတဲ့ မြေယာတွေထဲက ပြန်ပေးတဲ့မြေတွေကို မူလ ပိုင်ရှင်တောင်သူတွေထံ ယာယီ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၃ ထုတ်ပေးခြင်းနဲ့ မြေလွတ်မြေလပ်မြေရိုင်းတွေကို နိုင်ငံတော်ကို ပြန်လည်လွှဲပြောင်းပေးအပ်ပွဲကို မေ ၁၆ ရက်က  ကန့်ဘလူမြို့ ရွှေဆည်မြိုင်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ကန့်ဘလူမြို့နယ်မှတောင်သူ ၃၂ ဦးရဲ့ ၃၂၉.၄၁ ဧက၊ ဒီပဲယင်းမြို့နယ်အတွင်း တောင်သူ ၂၆ ဦးရဲ့ ၇၀.၀၆ ဧက၊ ကသာမြို့နယ်အတွင်း တောင်သူ၃ ဦးရဲ့ ၁.၉၈ ဧကနဲ့  တန့်ဆည်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၆ စုမှ ကွင်း ၉၃ ကွင်း၊ ဦးပိုင်လုပ်ကွက်ပေါင်း ၇၉၈ ကွက်၊ တောင်သူ ၆၃၃ ဦးရဲ့ ၁၂၇၃.၄၁ ဧကတို့ကို ပုံစံ ၃ ယာယီလုပ်ပိုင်ခွင့်လက်မှတ်တွေ အသီးသီးထုတ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနကသိမ်းဆည်းခဲ့တဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း တွေထဲက မုံရွာခရိုင်အတွင်းရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ၁၁၈၆.၁၃ဧက၊ ကသာခရိုင် အတွင်းရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ၁၆၉၂.၄၄ ဧက၊ ရွှေဘိုခရိုင်အတွင်းရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ၁၉၃၅.၀၄ ဧကတို့ကို ကာကွယ်ရေးဝန်ကြီးဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။

မူလတောင်သူတွေကို ယာယီလုပ်ပိုင်ခွင့် ပြန်လည်ပေးအပ်တဲ့ မြေယာဧက ၁၆၇၄.၈၆ ဧကနဲ့ နိုင်ငံတော်ကို ပြန်လည်အပ်နှံတဲ့ မြေလွတ်မြေလပ်မြေရိုင်း ၄၈၁၃.၆၁ ဧက စုစုပေါင်း ၆၄၈၈.၄၇ ဧကတို့ကို ပြန်လည်စွန့်လွှတ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းတောင်သူလယ်သမားသမဂ္ဂ ဒုဥက္ကဋ္ဌ ဦးသန်းဝင်းက “အခုလိုပြန်ပေးတော့ ရတဲ့တောင်သူတွေကတော့ ပျော်ကြတာပေါ့ဗျာ။ ဝမ်းသာကြတာပေါ့။ ဒါပေမယ့် မရသေးတဲ့ တောင်သူတွေကတော့ သူတို့ဟာကျရပြီး ငါတို့ဟာကျ ဘာလို့ မရသေးတာလဲ ဘာညာ ပြောကြတာပေါ့။ မရသေးတဲ့သူတွေကလည်း ပြန်ရမလား မျှော်လင့်နေ ကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အခုလိုပြန်ပေးတဲ့အပေါ်မှာတော့ ကျေးဇူးတင်မိပါတယ်။”လို့ပြောပါတယ်။

အခမ်းအနားကျင်းပတဲ့ ခန်းမအတွင်းမဝင်ရလို့ ဒုသမ္မတနဲ့တွေ့ခွင့်ရဖို့ စောင့်နေကြတဲ့ တောင်သူတွေ အများကြီးရှိနေပြီး  တိုင်စာအချို့ကိုတော့ ဒုသမ္မတက လက်ခံရယူသွားတာတွေ့ရတယ်လို့လည်း ဒီဗွီဘီကိုပြောပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကတော့  ကျန်နေသေးတဲ့ သိမ်းဆည်း မြေယာတွေကို မူလပိုင်ရှင်တွေကို ပြန်ပေးဖို့ကိစ္စ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောသွားပါတယ်။

စစ်ကိုင်းတိုင်းအတွင်း သိမ်ဆည်းမြေယာဧက သိန်းချီရှိနေပြီး မြို့နယ်ကနေ တိုင်းအထိ အထူးအဖွဲ့တွေဖွဲ့ကာ မြေယာပြဿနာတွေကို လုပ်ဆောင်နေသလို အခုနှစ် သြဂုတ်လမှာ အပြီးလုပ်ဆောင်ဖို့ ဗဟိုကနေ ညွှန်ကြားထားတယ်လို့ တိုင်းလယ်/ဆည်ဝန်ကြီးက ပြောပါတယ်။

ဒီအခမ်းအနားကို ဒုသမ္မတ ဦးဟန်နရီဗန်ထီးယူ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ စစ်ကိုင်းတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနဲ့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေ၊ တောင်သူတွေ၊ တိုင်းခရိုင်မြို့နယ်တွေက လယ်မြေ စစ်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013