DVB Logo
Home
ကျန်းမာရေး
ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးကြီး ၁၀ ပါး
DVB
·
May 16, 2018
ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးကြီး ၁၀ ပါး
1 / 6
Donate to DVB

ရေအကျိုးဆယ်ပါးလို့ ပြောကြတယ်။ ရေအသက် တမနက်လို့ ပြောကြတယ်။ ယမကာလုလင်တွေကတော့ ရေမရောရင် အသေစောတယ် ပြောကြတယ်။ ဒါပေမယ့် ရေကို ဘာကြောင့်သောက်သင့်တာလဲ။ ရေသောက်တော့ ဘာဖြစ်လဲ၊ ရေမသောက်တော့ ဘာဖြစ်မလဲ။

လူတယောက်ဟာ အသက်ရှင်ဖို့ လေကိုလိုအပ်သလို၊ နေရောင်ခြည်ကို လိုအပ်သလိုပါပဲ။ ရေကိုလည်း လိုအပ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်း (တနည်းပြောရင် ၃ ပုံ ၁ ပုံလောက်) ဟာ ရေနဲ့တည်ဆောက်ထားတယ်။ အချိန်တိုင်းမှာ နေ့တိုင်းမှာ လူတယောက်ရဲ့ ခန္ဓာအိမ်မှာ ရေတွေဝင်လာတယ်။ ရေတွေထွက်သွားတယ်။  သက်ရှိ ဆဲလ်ကလပ်စည်းမှန်သမျှ သူ့အလုပ်သူလုပ် ရှင်သန်နေနိုင်ဖို့ ရေက တာဝန်ယူတယ်။

နေ့စဉ် ၈ အောင်စဖန်ခွက်နဲ့ ၈ ခါလောက် (၁ လီတာပုလင်း ၂ လုံးစာ) ရေသောက်ဖို့လိုပါတယ်။ ဒါပေမယ့် တချို့ ပညာရှင်တွေကတော့ ရေခွက်၊ ရေပုလင်းကို ကိုယ့်နားမှာ အမြဲထားပြီး နည်းနည်းစီ ခနခန တစွတ်စွတ် သောက်ပေးနေဖို့ လိုတယ်လို့ အကြံပြုပါတယ်။

၁။ နေကောင်းထိုင်သာ ကျန်းမာရွှင်လန်းဆေး

ရေဝဝလင်လင် သောက်ထားတဲ့သူက ပိုပြီး နေသာထိုင်သာရှိတယ်။ ပုံမှန်လူတယောက်ဟာ ရေမရှိရင် နေလို့မရပါဘူး။ အထူးသဖြင့် ပူလောင်ပြင်းထန်တဲ့ ရာသီဥတုမှာဆိုရင် ၃ ရက် ၄ ရက်ထက်ပိုပြီး ရေမသောက်ဘဲ မနေနိုင်ပါဘူး။

ရေဘူးနဲ့ ဖိနပ်မပါရင် နွေခါမှသိသလို အပူတောမှာ ဖြတ်သန်းလာတဲ့နောက်မှာ အားကစားလုပ်ပြီး သွေးပူချွေးထွက် မောပန်းနေတဲ့အခါ ပိုသိသာပါတယ်။ တကိုယ်လုံးမှာရှိတဲ့ ရေတွေထဲက ၂ ရာခိုင်နှုန်းလောက် လျော့သွားပြီဆိုရင် ရေဓာတ်ခန်းခြောက်မှု (Dehydration) ကို စတင်ခံစားရပါပြီ။ ဒါပေမယ့် အားကစားသမားလောကမှတော့ (၆-၁၀) ရာခိုင်နှုန်းထိ ချွေးထွက်ရင်း ရေဆုံးရှုံးရတာတွေ ဖြစ်တတ်တယ်။

ဒီထက် ရေဓာတ်ဆုံးရှုံးလာရင် မလှုပ်မရှားချင်ဖြစ်လာမယ်။ မောပန်းနွမ်းနယ်လာမယ်။ စိတ်ရောကိုယ်ပါ လှုပ်ရှားရခက်လာမယ်။ ကြွက်တက်ရောဂါ ခံစားရနိုင်တယ်။ ခန္ဓာကိုယ်ကြွက်သားတွေဟာလည်း ရေဓာတ်က ၈၀ ရာခိုင်နှုန်း ပါဝင်နေလို့ပါပဲ။

၂။ ခေါင်းရှင်းကြည်လင်စေတဲ့ သဘာဝဆေး

ဦးနှောက်တည်ဆောက်ပုံမှာ ရေက အများစုပါဝင်နေတဲ့အတွက် ရေမရှိရင် ခေါင်းမရှင်းပါဘူး။ စဉ်းစားပုံတွေ၊ အာရုံစူးစိုက်မှုတွေ၊ နိုးကြားတက်ကြွမှုတွေ အားလုံးအတွက် ရေဓာတ်မခန်းခြောက်ဖို့ လိုပါတယ်။ အားအင်ပြည့်ဝ လန်းဆန်းနေဖို့ ရေအဝသောက်ထားဖို့ လိုပါတယ်။ ရေဝနေတာ၊ ရေငတ်နေတာ၊ ရေဆာနေတာတွေဟာ လူ့ဦးနှောက်ကို အကြီးအကျယ် သက်ရောက်စေပါတယ်။

လေ့လာချက်တွေအရ ဆိုရင်တော့ ကိုယ်အလေးချိန်ရဲ့ ၁-၃ ရာခိုင်နှုန်းလောက် ရေဓာတ်ခန်းခြောက်ရင်တောင် ဦးနှောက်လုပ်ငန်းတချို့ ထိခိုက်နိုင်ပါတယ်။ စိတ်အာရုံ မစိုက်နိုင်တော့ဘူး။ မှတ်ဉာဏ်လျော့နည်းလာတယ်။ ခေါင်းကိုက်လာတယ်။ စိတ်လှုပ်ရှားလာတယ်။ အားအင်ကုန်ခန်းလာမယ်။ ဦးနှောက်စွမ်းဆောင်ရည်လည်း ကျဆင်းလာမယ်။

ခေါင်းကိုက်ရောဂါရှိရင် ရေမှန်မှန်သောက်ဖို့ လိုပါတယ်။ ခန္ဓာအိမ်မှာ ရေခန်းနေတဲ့အခါ ခေါင်းကိုက်တာတွေ၊ ခေါင်းတခြမ်းကိုက်တာတွေ၊ ခေါင်းမကြည်လင်တာတွေ ဖြစ်တတ်တဲ့အကြောင်း လေ့လာတွေ့ရှိချက်တွေ အတော်များများ ရှိပါတယ်။ တခြားရောဂါတခုခုကြောင့် ခေါင်းကိုက်နေတာ မဟုတ်ခဲ့ရင်တော့  ရေမှန်မှန်သောက်တာက ခေါင်းကိုက်ပြေစေပါတယ်။

၃။ သဘာဝ အဆိပ်ဖြေဆေး

ရေမှန်မှန်သောက်နေရင် ရေက ကိုယ်တွင်းအဆိပ်အတောက်တွေကို ရှင်းလင်းဖယ်ရှားပေးတယ်။ ရေဟာ ချောဆီအဖြစ်လည်း ဆောင်ရွက်ပေးတယ်။ သယ်ယူပို့ဆောင်ဖို့လည်း ကူညီတယ်။ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းသိမ်းပေးဖို့ ချွေးထွက်တယ်။ လိုအပ်တဲ့အခါ ရေငွေ့ပျံတယ်။ အညစ်အကြေးတွေ စွန့်ထုတ် စီးဆင်းပေးတယ်။ ကိုယ်တွင်းမှာ မလိုအပ်တဲ့ အဆိပ်အတောက်တွေ၊ ဓာတုပစ္စည်းတွေကို ချွေးကတဆင့်၊ ဆီးကတဆင့် စစ်ယူလွှင့်ပစ်ပေးတဲ့ အလုပ်မှာလည်း ရေဓာတ်ရှိနေဖို့ အရေးကြီးပါတယ်။

ရေဓာတ်မခန်းခြောက်ရင် ခန္ဓာကိုယ်ထဲမှာ မလိုလားအပ်တဲ့ ဓာတုပစ္စည်းတွေ စုပုံဖြစ်ထွန်းမလာအောင် တားဆီးနိုင်ပါတယ်။ မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားသန့်စင်ပေးနေတဲ့ ပြန်ရည်ကြောစနစ်တွေ ပိုပြီးအလုပ်ဖြစ်အောင်လည်း ရေက အကူအညီပေးပါတယ်။

၎။ ဝမ်းချုပ်ရောဂါ သက်သာဆေး

ဝမ်းချုပ်တယ်၊ ဝမ်းမမှန်ဘူးဆိုတာ အဖြစ်များတဲ့ ရောဂါတမျိုးပေါ့။ ဝမ်းချုပ်တယ်ဆိုတာ နောက်ဆက်တွဲရောဂါတွေ အများကြီးပဲ ခံစားရတတ်ပါတယ်။ ဝမ်းချုပ်တာရဲ့ နောက်ဆက်တွဲ လိပ်ခေါင်းရောဂါကအစ သွေးတိုး ဆီးချိုရောဂါတွေအထိ ရေများများသောက်တဲ့ အလေ့အကျင့်ရှိရင် ဖြေရှင်းလို့ ရနိုင်ပါတယ်။

မြန်မာစကားမှာ ဝမ်းတလုံးကောင်း ခေါင်းမခဲဆိုတဲ့ အဆိုရှိတယ်။ ဝမ်းမီးမညက်ရင် ဝမ်းမီးမကောင်းရင် နောက်ဆက်တွဲတွေ ရင်ဆိုင်ရတတ်တယ်။ ရေမှန်မှန်သောက်တဲ့သူက အစာကြေတယ်။ အစာကြေချက်ရလွယ်ကူတော့ အာဟာရပိုဖြစ်တယ်။ စွန့်ပစ်ရမယ့် အညစ်အကြေးတွေလည်း ပြေပြေလည်လည် အပြင်ထွက်သွားနိုင်အောင် ရေက ကူညီတယ်။ ဆီးမှန် ဝမ်းမှန်ဖြစ်အောင် ထူးထူးခြားခြား ဘာဆေးမှ မလိုပါဘူး။ ရေမှန်မှန်သောက်ရင် အိုကေပါတယ်။

၅။ သွေးသားစိုပြည် နဂိုရေ သဘာဝဆေး

အရေပြားတွေ တွန့်ခေါက် အိုမင်းရင့်ရော်တာတွေ စောစောစီးစီး မဖြစ်ချင်ရင် သွေးသားစိုပြည် အရေပြားတွေ လန်းဆန်းတေက်ပြောင်နေဖို့ ရေမှန်မှန်သောက်နေရပါတယ်။ ရေမှန်မှန်မသောက်ရင် စောစောစီးစီး အိုမင်းရင့်ရော်နေလိမ့်မယ်။ အရွယ်မတိုင်ခင်မှာ အရေပြားတွေ ကြေမွတွန့်လိပ်လို့ သိပ်စိတ်ညစ်နေရလိမ့်မယ်။ အိုမင်းရင့်ရော်မှုကို တားဆီးနိုင်တဲ့ အကောင်းဆုံးဆေးတခွက်ဟာ ရေတခွက်ဖြစ်နေတယ်ဆိုတာ အံ့သြစရာ ဖြစ်နေနိုင်ပါတယ်။

၆။ ဆီးပြွန် ဆီးကျောက်တည် ဆီးချုပ်သက်သာတဲ့ သဘာဝဆေး

သွေးထဲမှာ ရေပါဝင်မှု နည်းလာတဲ့အခါ စွန့်ပစ်တဲ့ဆီးမှာ အရောင်တွေ ရင့်လာတယ်။ ပြစ်ခဲလာတယ်။ အနည်တွေများလာမယ်။ စွန့်ပစ်ရမယ့် အမှိုက်တွေ အနှစ်တွေ ပြစ်ခဲလာမယ်။ ဆီးအိမ်မှာ ဆီးပြွန်မှာ ကျောက်ကပ်မှာ အခဲလေးတွေ ကျောက်တည်နိုင်ဖို့ အလားအလာ ပိုများလာမယ်။

ဆီးသွားတိုင်း နာကျင်ကိုက်ခဲလောက်အောင် ခံစားရတာတွေ ဖြစ်လာနိုင်မယ်။ ရေများများသောက် ရေမှန်မှန်သောက်နေတတ်တဲ့ လူတယောက်ဟာ ဆီးနဲ့ ဆက်စပ်ရောဂါတွေ၊ ကျောက်ကပ်ရောဂါ၊ ဆီးပြွန်ရောဂါတွေ၊ ကျောက်ကပ်မှာ ကျောက်တည်တာတွေ ဆီးပြွန်လမ်းကြောင်း ရောဂါကူးစက်မှုတွေ ဖြစ်ဖို့ အလားအလာ နည်းပါတယ်။

၇။ အရက်နာကျတာ သက်သာတဲ့ဆေး

ဒါကတော့ ယမကာလုလင်တွေနဲ့ ပိုဆိုင်မှာပေါ့။ ညက များသွားတယ်။ မနက်ကျ ခေါင်းခဲတယ်။ အိပ်ယာထပြီးတော့လည်း မျက်နှာမသာမယာနဲ့ အလုပ်သွားရမယ်။ အရက် ဘီယာ သောက်ထားရင် ဆီးစွန့်တာ ပိုများတယ်။ ရေဓာတ် ပိုဆုံးရှုံးတတ်တယ်။ အရက်နာကျတာရဲ့ အဓိကအပြစ်က ရေဓာတ်ခန်းတာ တခုတည်းကြောင့် မဟုတ်ပေမယ့် အာခေါင်ခြောက်မယ်။ ခေါင်းကိုက်မယ်။ ပင်ပန်းနွမ်းနယ်နေမယ်။ ရေငတ်မယ် ဆိုတာတွေ နောက်ဆက်တွဲ ပါလာတာ တွေ့ရမှာပေါ့။ မနက်မနက်မှာ အရက်နာကျတာ မဖြစ်ချင်ရင် ဘာအရက်ပဲသောက်သောက် ရေတခွက်ခြားစီလောက် ရေနဲ့ တလှည့်စီ နားနားသောက်မယ်။ အိပ်ယာဝင်မှာ ရေအဝသောက်အိပ်မယ်ဆိုရင် နောက်တနေ့မနက်မှာ အရက်နာကျတာ (Hangover) ဖြစ်တာ သက်သာနေပါလိမ့်မယ်။

၈။ ကိုယ်အလေးချိန်ကျပြီး ကိုယ်ခံအား ပဋိဇီဝစနစ်ကို မြှင့်တင်ပေးတဲ့ သဘာဝဆေး

အဝလွန်နေရင် အလေးချိန်ချချင်ရင် သွေးထဲရောက်နေတဲ့ အဆီအခဲတွေကို ဖယ်ရှားချင်တယ်ဆိုရင်လည်း ရေသောက်ရတာပါပဲ။ ကိုယ်အလေးချိန်လျော့ဖို့ အစားအသောက်လျော့ဖို့ အစာမစားခင် နာရီဝက်လောက်ကတည်းက  ရေတခွက်လောက် ကြိုသောက်ထားတာမျိုးက အဆာပြေမယ်။ ခံတွင်းလိုက်မယ်။ ဗိုက်ကားတဲ့ထိ မဆန့်မပြဲ အငမ်းမရ မစားဖြစ်တော့ဘူး။ ဇီဝဖြစ်စဉ်တွေ သွက်လက်လာဖို့ အစာကြေဖို့ သွေးလေမှန်ဖို့ ပိုအဆင်ပြေမယ်။

မကြာခဏ ရေတွေ အငမ်းမရ သောက်သောက်နေလေ့ရှိတဲ့ သူတယောက်ဟာ ဖျားနာဖို့ ခဲယဉ်းပါတယ်။ ကိုယ်ခန္ဓာထဲမှာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ကူညီပေးတတ်တဲ့အတွက် အအေးပတ်တာကစလို့ နှလုံးရောဂါတွေ၊ ကင်ဆာတွေအထိ ရောဂါမဖြစ်ရအောင် မဖြစ်ခင်ကတည်းက ကြိုတင်ခုခံကာကွယ်နိုင်တယ်။ ခန္ဓာကိုယ်အနှံ့အပြားက ဆဲလ်ကလပ်စည်းတွေဟာ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် အောက်ဆီဂျင် ဝဝလင်လင် ရနေမယ်။ ကာဗွန်ဒိုင်အောက်ဆိုက်တွေ စွန့်ပစ်နိုင်မယ်။ တော်ရုံတန်ရုံ ရောဂါကူးစက်မှု အလားအလာ နည်းပါးမယ်။

၉။ အကြောတွေ ကြွက်သားတွေ အားကောင်းဆေး

အဆစ်အမြစ်ဒဏ်ရာတွေ၊ အကြောကပ် အကြောညပ်တာတွေ သက်သာတယ်။ ရေဓာတ်ပြည့်ဝနေတဲ့အခါ အဆစ်အမြစ်တွေမှာ၊ ကြွက်သားတွေမှာ ပိုပြီး ပျော့ပြောင်းနိုင်စွမ်း ရှိနေတယ်။

လှုပ်ရှားပွတ်တိုက်နေတဲ့ စက်ပစ္စည်းတွေနဲ့ ကားတစင်းမှာ အင်ဂျင်ဝိုင် လိုအပ်သလိုပါပဲ၊ ခန္ဓာကိုယ် အဆစ်အမြစ်တွေ လှုပ်ရှားနေရတဲ့ ကြွက်သားတွေ၊ အကြောတွေမှာ ရေဓာတ်ပြည့်ဝနေတဲ့အခါ၊ ခြောက်ကပ်မနေတဲ့အခါမှာ ဒဏ်ရာအနာတရဖြစ်ဖို့ အလားအလာ ပိုနည်းလာတယ်။

၁၀။ ငွေကုန်ကြေးကျမရှိတဲ့ သဘာဝဆေး

နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ ရေသောက်တာက ကုန်ကျစားရိတ် အနည်းဆုံးဖြစ်မယ်။ သက်သာတယ်။ ခေတ်ပေါ်ဖျော်ရည်မျိုးစုံနဲ့ ဈေးကြီးတဲ့ အချိုရည်တွေ၊ သကြားဓာတ်များလွန်းတဲ့ အချိုရည်တွေ၊ အဝလွန်စေမယ့် အချိုရေတွေ ဝယ်သောက်နေတာထက် ဈေးသက်သာတယ်။ နိုင်ငံခြားက တင်သွင်းယူရတဲ့ အချိုရည်တွေ သောက်နေတာထက် ငွေကုန်ကြေးကျနည်းမယ်။ ပိုက်ဆံစုမိမယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013