DVB Logo
Home
Lead Story
SME တွေ ဆက်ရှင်သန်နိုင်မှာလား
DVB
·
May 16, 2018
SME တွေ ဆက်ရှင်သန်နိုင်မှာလား
Donate to DVB

မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးလာမယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုကြသလို ခေါင်းဆောင်တွေကလည်း လက်ခံထားကြပါတယ်။

SME တွေ ဖွံ့ဖြိုးရေးနဲ့ ဦးစားပေးရေးဆိုတဲ့ စကားဟာ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက နိုင်ငံခေါင်းဆောင်တွေနဲ့ စီးပွားရေးပညာရှင်တွေ၊ လုပ်ငန်းရှင်တွေကြား တသွင်သွင် ပြောဆိုခဲ့ကြရတဲ့ စကားပါ။ အရင်အချိန်တွေတုန်းက မြန်မာနိုင်ငံမှာ SME တွေနဲ့ ပတ်သက်ပြီး ဘာဥပဒေ၊ ဘာမူဝါဒမှ မရှိသေးဘဲ ၁၉၉၀ ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေနဲ့ပဲ လုပ်ဆောင်ခဲ့ကြတာပါ။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ SME တွေနဲ့ ပတ်သက်ပြီး စတင်အကောင်အထည်ဖော်ခဲ့တာတွေ ရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာပဲ စက်မှုဝန်ကြီးဌာန လက်အောက်မှာ အသေးစားနဲ့ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါ့အတူ ၂၀၁၅ ခုနှစ်မှာ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (SMEs Law) နဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ (SMEs Policy) ကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

SME တွေကို ဘယ်လိုသတ်မှတ်သလဲ

SME ဥပဒေ မထွက်ခင်တုန်းကတော့ ဘယ်လိုလုပ်ငန်း အရွယ်အစား အတိုင်းအတာကို SME လို့ သတ်မှတ်တာလဲဆိုတဲ့ အဓိပ္ပာယ် တိတိကျကျ မရှိခဲ့ပါဘူး။ ဒါပေမယ့် အခု SME ဥပေဒ ထွက်လာပြီဆိုတော့ ဘယ်လိုလုပ်ငန်းတွေက အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဆိုတာ သတ်မှတ်ချက် ရှိလာပါပြီ။

အသေးစား စီးပွားရေးလုပ်ငန်းများ

အသေးစားလုပ်ငန်းတွေကို သတ်မှတ်ရာမှာ ထုတ်လုပ်မှုလုပ်ငန်းဆိုရင် ဝန်ထမ်းဦးရေ ၅၀ အောက်နဲ့ မတည်ရင်းနှီးငွေ ကျပ်သန်း ၅၀၀ အောက်၊  လက်ခစားလုပ်ငန်းဆိုရင် ဝန်ထမ်း ၃၀၀ နဲ့ မတည်ငွေကျပ် သန်း၅၀၀ အောက်၊ လက်ကား ရောင်းဝယ်ရေးလုပ်ငန်းဆိုရင် ဝန်ထမ်း ၃၀ အောက်နဲ့ တနှစ်ဝင်ငွေ ကျပ်သန်း ၁၀၀ အောက်၊ လက်လီရောင်းဝယ်ရေး လုပ်ငန်းဆိုရင် ဝန်ထမ်း ၃၀ အောက်နဲ့ တနှစ်ဝင်ငွေ ကျပ်သန်း ၅၀ အောက်၊ ဝန်ဆောင်မှုလုပ်ငန်းဆိုရင် ဝန်ထမ်း ၃၀ အောက်နဲ့ တနှစ်ဝင်ငွေ ကျပ်သန်း ၁၀၀ အောက်အဖြစ် သတ်မှတ်ပြီး ဒီလုပ်ငန်းတွေထဲ မပါတဲ့ အခြားသော လုပ်ငန်းအားလုံးအတွက်ကို ဝန်ထမ်းဦးရေ ၃၀ အောက်နဲ့ တနှစ်ဝင်ငွေ ကျပ်သန်း ၅၀ ထက် မပိုတာတွေကို အသေးစားအဖြစ် သတ်မှတ်ပါတယ်။

အလတ်စား စီးပွားရေးလုပ်ငန်းများ

အလတ်စား စီးပွားရေးလုပ်ငန်းတွေကိုတော့ ကုန်ထုတ်လုပ်မှုလုပ်ငန်းဆိုရင် ဝန်ထမ်းဦးရေ ၃၀၀ အောက်နဲ့ မတည်ငွေ ကျပ်သန်း ၁ ထောင်အောက်၊ လက်ခစားလုပ်ငန်း ဆိုရင် ဝန်ထမ်းဦးရေ ၆၀၀ အောက်နဲ့ မတည်ငွေ ကျပ်သန်း ၁ ထောင်အောက်၊ လက်ကားရောင်းဝယ်ရေးလုပ်ငန်းဆိုရင် ဝန်ထမ်းဦးရေ ၆၀ အောက်နဲ့ တနှစ်ဝင်ငွေ ကျပ်သန်း ၃၀၀ အောက်၊ လက်လီလုပ်ငန်းဆိုရင် ဝန်ထမ်း ၆၀ အောက်နဲ့ တနှစ်ဝင်ငွေ ကျပ်သန်း ၁၀၀ အောက်၊ ဝန်ဆောင်မှုလုပ်ငန်းဆိုရင် ဝန်ထမ်းဦးရေ ၁၀၀ အောက်နဲ့ တနှစ်ဝင်ငွေ ကျပ်သန်း ၂၀၀ အောက်နဲ့ ဒီထဲကမပါတဲ့ အခြားသော လုပ်ငန်းအမျိုးအစားတွေဆိုရင် ဝန်ထမ်း ၆၀ အောက်နဲ့ တနှစ်ဝင်ငွေ ကျပ်သန်း ၁၀၀ အောက်ကို အလတ်စားလုပ်ငန်းတွေအဖြစ် သတ်မှတ်ပါတယ်။

SME တွေ ဖွံ့ဖြိုးဖို့ အခက်အခဲ

မြန်မာနိုင်ငံက SME တွေ ဖွံ့ဖြိုးဖို့ကို ကြည့်ရင် အဓိက အခက်အခဲနဲ့ စိန်ခေါ်မှုတွေက ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ထိုးဖောက်နိုင်မှု၊ အခြေခံအဆောက်အအုံနဲ့ ကျွမ်းကျင်လုပ်သားပြဿနာတွေ ဖြစ်နေတာပါ။ မြန်မာနိုင်ငံမှာ ဘဏ်စနစ်က လုပ်ငန်းအပေါ်ကြည့်ပြီး ချေးငှားတဲ့အထိ မဖွံ့ဖြိုးသေးတဲ့အတွက် SME တွေအတွက် အရင်းအနှီးတိုးချဲ့ဖို့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပါဘူး။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က ပြည်တွင်းဘဏ်တွေကတဆင့် SME တွေကို ချေးပေးနေတဲ့ ချေးငွေတွေတော့ ရှိပါတယ်။ အတိုးနှုန်းက ပုံမှန်ဘဏ်တွေယူနေတဲ့ ၁၃ ရာခိုင်နှုန်းမျိုး မဟုတ်ဘဲ ၈ ဒသမ ၅ ရာခိုင်နှုန်းပါ။ ဗဟိုစာရင်းအင်းအဖွဲ့ စာရင်းဇယားတွေအရဆိုရင် JICA က ပြည်တွင်းဘဏ်တွေကနေတဆင့် SME တွေကို ထုတ်ချေးပေးထားတဲ့ ပမာဏဟာ ၂၀၁၅-၁၆ မှာ ကျပ်သန်းပေါင်း ၄၈၀၆ သန်း၊ ၂၀၁၆-၁၇ မှာ ကျပ်သန်းပေါင်း ၃၆၇၅၀.၄၃ နဲ့ ၂၀၁၇-၁၈ မှာ နိုဝင်ဘာလအထိက ကျပ်သန်းပေါင်း ၁၉၂၆၆.၈၀ ကို ထုတ်ချေးထားတာ တွေ့ရပါတယ်။ ချေးပေးနေတဲ့ ဘဏ်တွေကတော့ အသေးစားနဲ့ အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ သမဝါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်နဲ့ ဧရာဝတီဘဏ်တွေပါ။ ဒီပမာဏဟာ မြန်မာနိုင်ငံက SME အရေအတွက်နဲ့ ယှဉ်လိုက်ရင် မပြောပလောက်ပါဘူး။ တကယ်တော့  လုပ်ငန်းအလားအလာ ကောင်းရင် ကောင်းသလို ဘဏ်တွေကနေ ချေးငွေရနိုင်တဲ့စနစ် မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးလာမှ SME တွေရဲ့ တိုးတက်မှုလည်း ပိုမို မြန်ဆန်လာမှာပါ။

AEC နဲ့ SMEs

အာဆီယံ စီးပွားရေးအသိုက်အဝန်း AEC ကို ၂၀၁၅ ခုနှစ်မှာ အကောင်အထည်ဖော်ဖို့ အာဆီယံ ခေါင်းဆောင်တွေက ၂၀၀၇ ခုနှစ်ကတည်းက လက်မှတ်ထိုးခဲ့ကြတာပါ။ မြန်မာနိုင်ငံကလည်း AEC Blue Print ကို ၂၀၀၇ မှာပဲ စင်ကာပူမှာလုပ်တဲ့ ၁၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ စစ်အစိုးရလက်ထက်က ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်သိန်းစိန် (သမ္မတဟောင်း) က လက်မှတ်ရေးထိုးခဲ့ပါတယ်။

AEC အသက်ဝင်ပြီဆိုရင် အာဆီယံနိုင်ငံတွေ အချင်းချင်းကြားမှာ ကုန်စည်၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကျွမ်းကျင်လုပ်သားတွေဟာ တနိုင်ငံနဲ့ တနိုင်ငံကြား လွတ်လပ်စွာ စီးဝင်ကြမှာပါ။ အဲ့ဒီအတွက် အတားအဆီးဖြစ်စေမယ့် အကောက်ခွန်တွေ ဖယ်ရှားရမှာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေ အချင်းချင်းကြား ကုန်သွယ်ရေးမှာ အကြွင်းမဲ့ ကုန်သွယ်မှု လွတ်လပ်တဲ့နယ်မြေ ဖြစ်လာဖို့ အကောက်ခွန်နှုန်းထားကို သုညရာခိုင်နှုန်းအထိ လျှော့ချဖို့ ခေါင်းဆောင်တွေ လက်မှတ်ထိုးထားတာပါ။

မြန်မာနိုင်ငံက အခု ၂၀၁၈ ကုန်ရင် AEC သဘောတူညီမှုတွေအတိုင်း လုပ်ရတော့မှာပါ။ အဲဒီအခါ အခြား အာဆီယံက ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေဟာ မြန်မာ့ဈေးကွက်ကို အကောက်အခွန်မဲ့ ဝင်လာတော့မှာ ဖြစ်တဲ့အတွက် ပြည်တွင်းက ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေဟာ ဈေးကွက်မှာ ဈေးနှုန်းနဲ့ အရည်အသွေးကို ယှဉ်ပြိုင်နိုင်မှာလားဆိုတာ ရှိပါတယ်။ သူများနိုင်ငံ ဈေးကွက်ကို မထိုးဖောက်နိုင်သေးရင်တောင် ကိုယ့်နိုင်ငံ ဈေးကွက်မှာ ကိုယ်ပြန်ကာနိုင်မလား ဆိုတာက မြန်မာပြည်က အသေးစား အလတ်စားလုပ်ငန်း အများစုအတွက် ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ မယှဉ်ပြိုင်နိုင်ရင်တော့ ပြိုလဲကုန်မှာ အသေအချာပါပဲ။ ဒီတော့ မြန်မာနိုင်ငံက အသေးစား၊ အလတ်စား လုပ်ငန်းတွေဟာ AEC မှာ ယှဉ်ပြိုင်နိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလား၊ AEC ဝင်လာရင်လည်း ဆက်လက် ရှင်သန်နိုင်မှာလား ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းနေပါပြီ။

သစ်နေမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013