DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းလယ်ယာမြေ ဧက ၃၀၀ နီးပါး ကာကွယ်ရေးဝန်ကြီးဌာနစွန့်လွှတ်
DVB
·
May 16, 2018
သိမ်းဆည်းလယ်ယာမြေ ဧက ၃၀၀ နီးပါး ကာကွယ်ရေးဝန်ကြီးဌာနစွန့်လွှတ်
Donate to DVB

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်​သားမြို့နယ်၊ ​သရက်​ပင်​-ကံဆွယ်​ဒေသရှိ သိမ်းဆည်း လယ်ယာမြေ ဧက ၃၀၀ နီးပါးကို ကာကွယ်​​ရေးဝန်​ကြီးဌာနက ပြန်လည်စွန့်လွှတ်​ခဲ့တယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

မြစ်သားမြို့မှာ မေ ၁၅ ရက်ကပြုလုပ်​တဲ့ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် (၁) ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ (မိုင်းမော)က ပြန်လည်စွန့်လွှတ်မယ့် ကံဆွယ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၄/၅၅၂-c)၊ မိုင်းမောကွင်းရှိ မြေဧရိယာ ၂၁၈.၉၀ ဧကကို တောင်သူ​တွေထံ ယာယီလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၃) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားမှာ ဦးဟင်နရီဗန်ထီးယူက ​ပြောကြားခဲ့တာပါ။

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ သိမ်းဆည်းမြေပြန်လည်ပေးအပ်ပွဲ ၅ ကြိမ် ကျင်းပ နိုင်ခဲ့ပြီး တောင်သူ ၆၅၀ ဦးထံသို့ လယ်ယာမြေ ၂၁၅၆ ဧကကို​ တောင်​သူ​တွေထံပေးပြီး ဖြစ်တယ်လို့ ဒုသမ္မတက ဆက်​လက်​​ပြောပါတယ်​။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “သိမ်းဆည်းမြေကိစ္စတွေကို မှန်မှန်ကန်ကန် တိုင်ကြားနိုင်ပြီး တိုင်ကြားစာတွေကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် တိကျစွာ ဆောင်ရွက်ပေးသွားမှာဖြစ်​တယ်​”လို့ ​ လယ်ယာမြေပြန်လည်ပေးအပ်​ပွဲမှာ​ ပြောဆိုခဲ့ပါတယ်​။

ယာယီလုပ်ကိုင်ခွင့်ရရှိခဲ့တဲ့ သရက်ပင်-ကံဆွယ်ကျေးရွာမှ ဦးအောင်မင်း​က“အခုလို တပ်​မ​တော်​က သိမ်းဆည်း​မြေ​တွေကို ပြန်လည်စွန့်လွှတ်တဲ့အတွက် တောင်သူများကိုယ်စား အများကြီးကျေးဇူးတင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်

အုန္နဲဘုတ်ကျေးရွာသား ဦးခင်မောင်ထွန်းက “ဒီ​လယ်​ယာ​မြေ​တွေ၊ မြေယာပေးအပ်မှုနဲ့ ပတ်သက်ပြီး မိမိတို့ ဒေသခံ ၁၆ ဦးက လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့​ပေမယ့် အခုအချိန်​ထိ ဘာမှထူးခြားမှု ရှိမလာဘူး။ ဒီ​နေ့​​တောင်​သူ​တွေကို စွန့်​လွှတ်​​မြေ ပြန်​လည်​​ပေးတဲ့ပွဲကို ကန့်​ကွက်​တယ်​”လို့ ပြောဆိုကန့်​ကွက်​ခဲ့ပါတယ်​။

အခုလိုလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မြစ်သားမြို့ လုပ်အားကြေးမုံခန်းမမှာ ပြုလုပ်ခဲ့ပြီး တိုင်း​ဒေသကြီးအစိုးရ၊ ပြည်​​ထောင်​စုဝန်ကြီး၊ လုံခြုံ​ရေးနဲ့ နယ်​စပ်​​ရေးရာဝန်​ကြီးတို့ တက်​​ရောက်​ခဲ့ကြပြီး ​တောင်​သူ ၁၅၀​ ကျော် တက်​ရောက်​ခဲ့ကြပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013