DVB Logo
Home
မြန်မာသတင်း
ခုတင် ၅၀၀ ဆံ့ဆေးရုံကြီးအနီး ပလက်ဖောင်းပေါ်တွင် ညမအိပ်ကြရန်သတိပေး
DVB
·
May 14, 2018
Donate to DVB

 

ရန်ကုန်မြို့ ခုတင် ၅၀၀ ဆံ့ဆေးရုံကြီးအနီး ပလက်ဖောင်းပေါ်မှာ ညအိပ်စောင့်နေတဲ့ လူနာတွေကို ရဲကဖမ်းဆီးတာတွေရှိနေပြီး ညမအိပ်ဖို့ သတိပေးထားတယ်လို့ လူနာတွေကို ကူညီပေးနေသူ ဦးမျိုးက ပြောပါတယ်။

ခုတင် ၅၀၀ ဆံ့ အထူးဆေးရုံကြီးကို ရပ်ဝေးကနေ လာရောက် ဆေးကုသကြတဲ့ နာတာရှည်ရောဂါဝေဒနာရှင်တွေဟာ ရက်ချိန်းရဖို့ ငွေကြေးအခက်အခဲကြောင့် လမ်းဘေး ပ လက်ဖောင်းမှာ အိပ်ပြီး စောင့်ရတဲ့အတွက်  အခက်အခဲတွေ ဖြစ်နေပါတယ်။

ဒီသတင်းကို ဒီဗွီဘီသတင်းဌာနက ပြီးခဲ့တဲ့ သီတင်းပတ်က တင်ပြီးနောက် လမ်းဘေးမှာ အိပ်နေကြတဲ့ လူနာတွေကို ရဲတပ်ဖွဲ့က လာရောက်ပြီး မအိပ်ဖို့နဲ့ အိပ်ရင်ဖမ်းတယ်လို့ ပြောဆိုခဲ့ကြောင်း ဦးမျိုးက ပြောပါ တယ်။

“လူမမာတွေက နယ်ကနေ လာရတယ်။ တချို့ကတော့လည်း ပိုက်ဆံက မရှိ၊ ဒီမှာ တည်းခိုစရာကလည်းမရှိ၊ ဆရာဝန်က မနက်ဖြန် ပြန်ချိန်းတဲ့အခါကျတော့ သူတို့မှာ သွားစရာ၊ လာစရာ မရှိတော့ ဒီပလက်ဖောင်းမှာ ညဖက်ဆို အိပ်ရတာကိုး။ အိပ်တာဆိုတော့ ဒီနား ဖြတ်သွား ဖြတ်လာ၊ နိုင်ငံခြားသားတွေလည်း ရှိတယ်။ အဲဒီနေ့က ဒီဗွီဘီက လာရိုက်ပြီးတော့ တင်ပေး လိုက်တော့ သူတို့ဆီ ရောက်သွားလိမ့်မယ်။ ရောက်သွားတဲ့အခါကျတော့ သိတဲ့အတိုင်းပေါ့၊ ငါတို့တိုင်းပြည်က။ အဲဒီနေ့ညကပဲ အဲဒီမှာရှိတဲ့လူတွေကို တခါတည်းလာဖမ်းတာ။ ရဲတွေပေါ့။ ငါတို့ကလည်း ကားသမားအနေနဲ့ပြောတာ။ သူတို့က နယ်ကနေ လာတာ၊ တည်းစရာ၊ ခိုစရာ အဖို့ သူတို့မှာ ပိုက်ဆံမရှိဘူး အဲဒါပြောတာကို ခင်ဗျားတို့နဲ့မဆိုင်ဘူး။ ခင်ဗျားတို့လည်း အသာနေတဲ့။ ကျနော်တို့တွေက တိုင်လို့လုပ်ရတာတဲ့။ နယ်ကလူတွေဆိုတော့လည်း လန့်တာပေါ့။ လန့်တော့ သွားရတာပေါ့။”

ဒီလိုလူနာတွေကိုဖမ်းဆီးတယ်ဆိုတဲ့အပေါ် လမ်းမတော် ရဲစခန်းကို မေးမြန်းကြည့်ရာမှာတော သူတို့အနေနဲ့ ဖမ်းဆီးမှုမရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“အဲဒါ ရဲက ဘယ်မှာဖမ်းလို့လဲ။ ရဲက မဖမ်းပါဘူး။ ကျမတို့ လမ်းမတော်ရဲစခန်းကလည်း မဖမ်းဘူးရှင်။ ဒီမှာ တာဝန်ခံနယ်ထိန်းလည်းရှိပါတယ်။ သူကိုယ်တိုင်ပြောတာ မဖမ်းဘူးလို့ ပြောပါတယ်”

ခုတင် ၅၀၀ ဆံ့ဆေးရုံကြီးအနီး ဆေးကုသမှု ခံယူနိုင်ဖို့အတွက် ဆေးရုံကို လာရောက်ကြတဲ့ အသည်း၊ ကျောက်ကပ်၊ အဆုတ်နဲ့ နှလုံးရောဂါသည် နာတာရှည်ရောဂါ ဝေဒနာရှင်လူနာ မိသားစု အများစုဟာ ငွေကြေးအခက်အခဲတွေကြောင့် အခုလို လမ်းပေါ်မှာ အိပ်စက်နေကြရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013