DVB Logo
Home
Lead Story
အီရန် နျူကလီးယားအရေး ဆွေးနွေးဖြေရှင်းမှုကိစ္စ အမေရိကန်လက်ရှောင်မှုနဲ့ ရှေ့အလားအလာ
DVB
·
May 14, 2018
Donate to DVB

လွန်ခဲ့တဲ့အပတ်က ဆီးရီးယားနိုင်ငံထဲကနေပြီး အီရန်တပ်တွေက အစ္စရေး သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသမှာ တပ်စွဲထားတဲ့ အစ္စရေးစစ်တပ်ကို ဒုံးကျည်အစင်း ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် အစ္စရေးနိုင်ငံက ဆီးရီးယားနိုင်ငံထဲမှာ ရှိနေတဲ့ အီရန်ပစ်မှတ်တွေကို အပြင်းထန်ဆုံး လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။

အဲဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန် နျူကလီးယားအရေး ဆွေးနွေးဖြေရှင်းမှုကနေ နုတ်ထွက်လက်ရှောင်လိုက်တဲ့ ကိစ္စရဲ့ သက်ရောက်မှုကို ဖော်ပြလိုက်တာပဲဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်လို့ ဒီကိစ္စ သေချာတယ်ဆိုရင်တော့ ဒါဟာ ဆီးရီးယားနိုင်ငံထဲကနေပြီး အီရန်တပ်တွေက အစ္စရေးတပ်ကို ပထမဆုံး ပစ်ခတ်တိုက်ခိုက်မှုဖြစ်သလို အစ္စရေးရဲ့ အပြင်းထန်ဆုံး လက်တုံ့ပြန်တိုက်ခိုက်တာကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်တဲ့ သဘောထားကို ပြင်သစ်သမ္မတ အီမင်နျူရယ် မက်ခရွန်က ဂျာမန် အပတ်စဉ်သတင်းမဂ္ဂဇင်း Der Speigel နဲ့ အင်တာဗျူးမှာ အမေရိကန်သမ္မတ အနေနဲ့ သူ့ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်ကို အသေအချာ ပြန်စဉ်းစားဖို့ သင့်တဲ့အကြောင်း အကြံပြုပြောကြားခဲ့ပါတယ်။

သူက သမ္မတ ထရမ့်က စစ်ဖြစ်မယ့် ပင်ဒိုရာသေတ္တာကို ဖွင့်သလို ဖြစ်တော့မယ်။ သူက စစ်ကိုလိုလားမယ်လို့တော့ ကျနော်မထင်ပါဘူးလို့ ပြောခဲ့ပါတယ်။ မက်ခရွန် လနဲ့ချီပြီး သောကရောက်ခဲ့တာက အီရန်အန္တရာယ်ဟာ ဆီးရီးယားနိုင်ငံရဲ့ အခြေအနေနဲ့ မလွှဲမရှောင်သာအောင်ကိုပဲ ဆက်စပ်နေပြီး အကျိုးဆက်အဖြစ် အမေရိကန်နဲ့ အနောက်အုပ်စုဟာ ဆီးရီးယား နိုင်ငံရေးလုပ်ငန်းစဉ်ကို ရုရှားရဲ့ မဟာမိတ်ဖြစ်တဲ့ အီရန်နဲ့ တူရကီတို့လက် ဝကွက်မအပ်လိုက်သင့်ပါဘူး ဆိုတာပါပဲ။

သူ့ရဲ့ကြောင့်ကြမှုက သမ္မတ အာဆတ်ဟာ ရှစ်နှစ်တာ ပြည်တွင်းစစ်ရဲ့ ယာယီစစ်နိုင်တဲ့သူအဖြစ် ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်တဲ့အတွက် လျော့နည်းသွားနိုင်ပါတယ်။ ဒါပေမယ့် အီရန်ကတော့ သမ္မတ အာဆတ်ရဲ့ကိုယ်စား အောင်ပွဲကို ထိန်းသိမ်းထားကောင်း ထိန်းသိမ်းထားနိုင်ပြီး မှန်းဆလို့ရနိုင်တဲ့ အနာဂတ်အတွက် ဆီးရီးယားမှာ ဆက်ပြီး တပ်စွဲထားနိုင်ပါတယ်။ အစ္စရေးအနေနဲ့ကတော့ ဆီးရီးယားတောင်ပိုင်း စစ်မျက်နှာမှာ အသေတပ်စွဲထားပြီး အစ္စရေးကိုလည်း ထိုးနှက်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ အင်အားတသိန်းလောက်ရှိတဲ့ အီရန် ကျောထောက်နောက်ခံ တပ်ဖွဲ့ကို ပြည်တွင်းစစ်ရဲ့ ရလဒ်အဖြစ် ဘယ်တော့မှ လက်သင့်ခံလိမ့်မယ် မဟုတ်ပါဘူး။

သမ္မတ ထရမ့်က အီရန်ဟာ လိမ်လည်လှည့်စားနေတာပဲဆိုတဲ့ အခြေခံနဲ့ အီရန် နျူကလီးယား ဆွေးနွေးဖြေရှင်းမှုက နုတ်ထွက်လိုက်တာဟာ အစ္စရေးကို သူ့ရဲ့ စစ်ဆင်တိုက်ခိုက်မှု အားတိုးမြှင့်ဖို့ လိုအပ်လာတဲ့အချိန်မှာ စစ်ပွဲဆင်နွှဲဖို့ လက်ကမ်းပေးလိုက်သလို ဖြစ်သွားပါတယ်။ တကယ်တော့ သမ္မတ ထရမ့်က အများကြီး လုပ်ထားခဲ့သလို အစ္စရေးကို အရာရာ အားပေးအားမြှောက် လုပ်ပေးထားခဲ့တာပါ။ သမ္မတ ထရမ့်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အီရန်ကို လျှို့ဝှက် နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီရန်နိုင်ငံဟာ မယုံရဘူးဆိုတဲ့ မကြာခင်က တင်ပြပြောဆိုချက်ကို ကိုးကားပြောဆိုခဲ့ပါတယ်။ သူက တီဟီရန်အနေနဲ့ အစ္စရေးနိုင်ငံကို တိုက်ခိုက်ဖျက်ဆီးပစ်ဖို့ လုပ်ဆောင်နေတာတွေကို အဆုံးသတ်ပေးဖို့ အပါအဝင် တောင်းဆိုချက်အသစ်တွေကိုလည်း ချမှတ်ခဲ့ပါတယ်။

နေတန်ယာဟုက “အလွန်အန္တရာယ်ကြီးတဲ့လက်နက်” တွေကို အိမ်နီးချင်း ဆီးရီးယားနိုင်ငံထဲမှာ ချထားတယ်လို့ အီရန်နိုင်ငံကို မကြာသေးခင်ကပဲ စွပ်စွဲပြောဆိုခဲ့ပြီး သတင်းထောက်တွေကို “အဲဒီလက်နက်တွေဟာ ကျနော်တို့နိုင်ငံကို ဖျက်ဆီးပစ်ဖို့ အတိအကျ ရည်ရွယ်တာဖြစ်တယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန် နျူကလီးယားအရေး ဆွေးနွေးအဖြေရှာမှုကနေ နုတ်ထွက်လိုက်တာဟာ အစ္စရေးရဲ့ စိတ်ကူးအိပ်မက် ဖြစ်သွားတယ်လို့လည်း ဥရောပ သံတမန်တယောက်က ဆိုပါတယ်။ ပြဿနာကတော့ အစ္စရေးနဲ့ အမေရိကန်ဟာ ဒီကိစ္စမှာ သူတော်ချင်း သတင်းလွေ့လွေ့ ဖြစ်သွားကြပြီလား။ အမေရိကန်က စီးပွားရေး အရေးယူပိတ်ဆို့မှုတွေနဲ့ ဖိအားပေးမှုတွေ ချမှတ်ပြီး အစ္စရေးကလည်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီး စစ်ရေးအရ ဖိအားပေးမှုတွေ လုပ်ပြီးပေါ့လေ။ တချို့ ဥရောပသံတမန်တွေကတော့ ဒါတွေဟာ ဒေသတွင်း တင်းမာမှုကြောင့် ဖြစ်လာတဲ့ တိုက်ပွဲငယ်လေးတွေသာဖြစ်ပြီး လျှို့ဝှက်မဟာဗျူဟာရဲ့ အစိတ်အပိုင်းတခုတော့ မဟုတ်သေးဘူးလို့ သုံးသပ်ကြပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ကတော့ “ကျနော် တွေ့လို့ရနိုင်သမျှ အိမ်ဖြူတော်က လူတွေကို တွေ့ပြီးလိုက်တဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ စစ်ရေးနည်းကို အသုံးပြုဖို့ ဘယ်လိုမှ စိတ်အားထက်သန်မှု မရှိသလို အဲဒီလိုလုပ်ဖို့ အစီအမံလည်း မရှိဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဗြိတိသျှရဲ့ စိုးရိမ်မှုကတော့ သူတို့မှာ ရေရှည်စီမံချက် မရှိတဲ့အတွက် နည်းနည်းပိုပါတယ်။ အီရန်နိုင်ငံအပေါ် ဆက်ပြီး ဖိအားပေးထားနိုင်ဖို့ပါပဲ။ ပြီးခဲ့တဲ့အပတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတယောက်ကတော့ “ရည်ရွယ်ချက်ကတော့ အီရန်ကို နျူကလီးယားလက်နက် ရယူဖို့ ကြိုးစားနေတာကို ဟန့်တားကာကွယ်ဖို့ပါပဲ။ ဒီထက်ပိုပြီး အသေးစိတ်ကျတာတွေကိုတော့ ကျနော်တို့ ထုတ်ပြန်ကြေညာသွားပါမယ်” လို့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီ သမ္မတ ထရမ့်ရဲ့ အီရန် နျူကလီးယားအရေး ဆွေးနွေးဖြေရှင်းမှုကနေ နုတ်ထွက်မှုနဲ့ ပတ်သက်ပြီး ဥရောပကိုလည်း သိမ်းသွင်းဖို့ အရေးကြီးတယ် ဆိုတာကိုလည်း သတိထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် မိုက်ခ်ပွန်ပီယိုက ဥရောပနိုင်ငံတွေကို အမေရိကန်အနေနဲ့ အစ္စရေးရဲ့ ထိုးနှက်တိုက်ခိုက်မှုတွေကို ဘယ်လောက်ကြာကြာအထိ ဆက်သည်းခံဖို့ ရှိနေတယ်ဆိုတာကို အလေးအနက် ပြောကြားဖို့ သွားမယ့်ခရီးစဉ်ကိုလည်း စောင့်စားနေကြတယ်လို့ ဆိုပါတယ်။

တကယ်တော့ သမ္မတ ထရမ့်ရဲ့ အုပ်ချုပ်ရေးမှာ အသစ်ပြောင်းလဲလိုက်တဲ့ သမ္မတရဲ့ လုံခြုံရေးအရာရှိသစ် ဂျွန်ဘော်လ်တန်က အရင်ကတည်းက သူတို့အနေနဲ့ တီဟီရန်အစိုးရ အပြောင်းအလဲဖြစ်ရေးကို အားပေးတယ်လို့ အရင်တုန်းကတည်းက ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအချိန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးနဲ့ အစ္စရေးနိုင်ငံရဲ့ စစ်ရေးတိုက်ခိုက်နိုင်မှု စွမ်းအားဟာ အညီအညွတ် အရှိန်အဟုန်နဲ့ တိုးတက်နေရမှာ ဖြစ်ပါတယ်။

အစ္စရေးကလည်း ဆီးရီးယားနိုင်ငံထဲမှာ အီရန် အခုလို အဟန့်အတား အနှာင့်အယှက်ဖြစ်သွားတာဟာ ဆော်ဒီအာရေးဗျ၊ ပင်လယ်ကွေ့နိုင်ငံအများစုနဲ့ ဆီးရီးယား နိုင်ငံရေးအတိုက်အခံတွေက သွယ်ဝိုက်တဲ့နည်းနဲ့ အထောက်အပံ့ဖြစ်စေတယ် ဆိုတာကို နားလည်ထားပြီးဖြစ်ပါတယ်။ အစ္စရေးအနေနဲ့ ဆီးရီးယားနိုင်ငံထဲမှာရှိတဲ့ အီရန်ရဲ့ အဓိက အခြေစိုက်စခန်း ၁၄ ခုလုံးကို ပစ်ခတ်တိုက်ခိုက်ဖို့ ကြိုးစားရာမှာ သိပ်အတားအဆီး မရှိခဲ့ပါဘူး။ ဒီအခြေအနေမှာ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ရုရှားသမ္မတ ဗလာဒီမှာပူတင်တို့က စစ်ရေးအရှိန်အဟုန် မြင့်တက်မလာအောင် မေတ္တာရပ်ခံနိုင်ကောင်း မေတ္တာရပ်ခံနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နေတာက သမိုင်းဆိုင်ရာအရ ရှိခဲ့တဲ့ ကြီးမားတဲ့ အင်အားစုကြီးတွေကို ဇက်ကြိုးဖြေပေးလိုက်သလိုဖြစ်သွားတဲ့ အန္တရာယ်ပါပဲ။ ဒါဟာ ကမ္ဘာတဝှမ်းလုံးရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာနိုင်တဲ့အထိ အန္တရာယ်ရှိတယ် ဆိုတာကတော့ သိပ်အငြင်းပွားစရာ မလိုလောက်ဘူးလို့ ထင်ပါတယ်။

အီရန်နိုင်ငံကလည်း သူတို့ဟာ ပိတ်ဝိုင်းခံနေရတဲ့ အခြေအနေမှာ ရှိနေတယ်ဆိုတာကို ကာလရှည်ကြာကတည်းက နားလည်ထားပြီးဖြစ်တဲ့အတွက် “ခုခံဆန့်ကျင်ရေးဝင်ရိုးတန်း” လို့ တီဟီရန်ကခေါ်တဲ့ အီရန်၊ ဆီးရီးယား၊ ဟစ်စ်ဘိုလာနဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်နေတဲ့ ဟားမားစ်အဖွဲ့တွေ ပါဝင်တဲ့ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ထားခဲ့ပြီး ဖြစ်ပါတယ်။ ခုချိန်မှာတော့ ဆီးရီးယားနိုင်ငံဟာ ဒီဝင်ရိုတန်းနိုင်ငံတွေရဲ့ အလွန်အရေးပါတဲ့ နိုင်ငံတခု ဖြစ်လာခဲ့ပါပြီ။

တကယ်လို့သာ အတော်ကြီး အချိန်နှောင်းနေပြီဖြစ်တဲ့ သံတမန်ရေးအရ ကြိုးပမ်းအားထုတ်မှုသာ အောင်မြင်မှု မရခဲ့ဘူးဆိုရင်တော့ ဆီးရီးယားနိုင်ငံရဲ့ ကိုယ်စားပြု တိုက်ခိုက်နေကြတဲ့ စစ်ပွဲဟာ တကယ့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်တိုက်ကြမယ့် စစ်ပွဲကြီးတခု ဖြစ်လာနိုင်ခြေရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ရှုမြင်နေကြပါပြီ။

ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက်နဲ့ ကိုရီးယားကျွန်းဆွယ်အရေးက မြောက်ကိုရီးယား ခေါင်းဆောင်လေးရဲ့ ပြောင်းလဲလာတဲ့ သဘောထားကြောင့် ငြိမ်းချမ်းရေးရောင်ခြည် သန်းလာတဲ့အချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန် နျူကလီးယားအရေး ဆွေးနွေးဖြေရှင်းမှုကနေ နုတ်ထွက်လက်ရှောင်လိုက်တဲ့ကိစ္စက တစခန်းထ မီးနီပြလာနေတယ် ဆိုတာကို သတိပြုမိကြဖို့လည်း လိုအပ်နေတယ်ဆိုတဲ့အကြောင်း တင်ပြလိုက်ပါတယ်။        ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013