DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကဗျာရွတ်ပွဲ မုံရွာမြို့က ပန်းခြံတွင်ကျင်းပ
DVB
·
May 14, 2018
Donate to DVB

 

မုံရွာမြို့ခံ ကဗျာဆရာတွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (မုံရွာခရိုင်)က ကျောင်းသားတွေစုပေါင်းပြီး မုံရွာမြို့ ကန်သာယာပန်းခြံမှာ မေလ ၁၄ ရက် မနက်ပိုင်းက ငြိမ်းချမ်းရေးကဗျာရွတ်ပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဒီကဗျာရွတ်ပွဲမှာ ကဗျာဆရာတွေက ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ သူတို့ရဲ့ကဗျာတွေ၊ နာမည်ကြီးကဗျာဆရာတွေရဲ့ကဗျာတွေကို ရွတ်ဆိုခဲ့ကြပါတယ်။ လက်ရှိဖြစ်နေတဲ့ ပြည်တွင်း စစ်နဲ့ ပတ်သက်ပြီး နှစ်ဖက်တပ်တွေ အမြန်ဆုံး အပစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် တောင်းဆို လှုပ်ရှားလို့ ဖမ်းဆီးခံနေရသူတွေကို ချက်ခြင်းလွှတ်ပေးရေးလည်း တောင်းဆိုခဲ့ ကြပါတယ်။

မုံရွာမြို့ခံ ကဗျာဆရာ ဒီနေအိမ်က "လက်ရှိဖြစ်နေတဲ့စစ်ပွဲတွေကို ကန့်ကွက်ရှုတ်ချတာ။ စစ်ပွဲဆိုတာ တိုင်းတပါးနဲ့ တိုက်နေတဲ့စစ်ပွဲလား၊ ကိုယ့်လူမျိုးအချင်းချင်းတိုက်နေတဲ့ စစ်ပွဲလား။ ကိုယ့်လူမျိုး အချင်းချင်းဖြစ်နေတဲ့စစ်ပွဲ အကောင်းတစ်ခုမှ ရှိမလာဘူး။ ကျနော်တို့ရရှိနေတဲ့ အခွင့်အရေးတွေကို စစ်ဘေးရှောင်ပြည်သူတွေရရှိစေချင်လို့၊ လောကဓံရှစ်ပါးထက်ပိုပြီး ဖန်တီးပြုလုပ်ထားတဲ့ လောကဓံတွေမခံစားစေချင်လို့ ဒီပွဲကိုလုပ်တာပါ။"လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် ကဗျာဆရာတွေ ကဗျာရွတ်တာနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမှာဖမ်းဆီးခံခဲ့ရတဲ့ ကဗျာဆရာကလင့်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

စစ်သားတွေကျတော့ စစ်တိုက်ပြီး ကဗျာဆရာ ကဗျာရွတ်လို့ဖမ်းတဲ့အပေါ်မှာလည်း ဝေဖန်ခဲ့ကြပြီးတော့ ဒီလိုအဖြစ်တွေ နောင်လာ နောက်သားတွေ မကြုံစေချင်ဘူးလို့ တက်ရောက်လာသူတွေက ပြောဆိုခဲ့ကြပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(မုံရွာခရိုင်)က ကျောင်းသားတွေ အနေနဲ့ လတ်တလောဖြစ်နေတဲ့ စစ်ပွဲတွေရပ်တန့်ရေး၊ ပိတ်မိစစ်ဘေးရှောင်ပြည်သူတွေ လွတ်မြောက်ရေးအတွက် အခုလအစောပိုင်းကလည်း ၃ ရက်ဆက်တိုက် ဆီမီးထွန်း ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး အခက်အခဲတွေလည်း များစွာ ကြုံတွေ့နေကြရပါတယ်။ ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံက မြို့ကြီးအချို့မှာ ပုံစံအမျိုးမျိုးနဲ့ ဆန္ဒဖော်ထုတ်နေကြပြီး ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲဖမ်းဆီးတာတွေလည်းရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013