
အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနအနေနဲ့ နှစ်နှစ်အတွင်း စုံစမ်းစစ်ဆေးတဲ့ အမှုတွေထဲက အခွန်စည်းကြပ်ဖို့လိုအပ်နေတာ ကျပ်သိန်းပေါင်း ၅ သန်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၁၈သန်းခွဲကျော် တွေ့ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။
မနေ့က နေပြည်တော်မှာလုပ်ခဲ့တဲ့ အစိုးရသက်တမ်း ဒုတိယ တနှစ်တာ သတင်းစာ ရှင်းလင်းပွဲမှာ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောခဲ့တာပါ။
စီးပွားရေးဆိုင်ရာပြစ်မှုတွေနဲ့ ပတ်သက်လို့ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်ကနေ ၂၀၁၈ ခုနှစ် မတ် ၁၅ ရက် အထိ အမှုပေါင်း ၉၅ မှုကို စုံစမ်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအမှုတွေထဲက ငွေကျပ်သိန်းပေါင်း ၅,၃၅၄,၄၃၂ ကျော်နဲ့ အမေရိကန်ဒေါ်လာ ၁၈,၅၆၆,၉၄၅ လောက်အပေါ်မှာ အခွန်စည်းကြပ်ဖို့ လိုနေတာ တွေ့တယ်လို့ ပြောပါတယ်။
ဒါတွေနဲ့ ပတ်သက်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကို အကြောင်းကြား နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။
စသုံးလုံး (စစစ) လို့ လူသိများတဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနဟာ ပြည်ထဲရေးရဲ့ ဦးစီးဌာနတခုဖြစ်ပြီး စီးပွားရေးဆိုင်ရာ ပြစ်မှုတွေ စုံစမ်းဖော်ထုတ်အရေးယူတာ၊ ဝန်ထမ်းတွေရဲ့ မသမာမှုတွေကို စုံစမ်းဖော်ထုတ်အရေးယူတာ စတာတွေ ဆောင်ရွက်တာ ဖြစ်ပါတယ်။











