
ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်က စစ်ရှောင်ပြည်သူ ၁၀၀ နီးပါးဟာ လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် မြစ်ကြီးနားမြို့ပေါ်ကို ပြောင်းရွှေ့လာကြပါတယ်။
တနိုင်းဒေသ အောင်လော့ဒ်ကျေးရွာကနေ တနိုင်းမြို့ပေါ်ကို မေ၈ရက်ကတည်းက ရောက်ရှိခဲ့တဲ့ စစ်ဘေးရှောင်တွေထဲက တချို့ဟာ လုံခြုံရေးစိုးရိမ်တဲ့အတွက် မြစ်ကြီးနားရှိ ဂျော်မဆတ်နှစ်ခြင်းဘုရားကျောင်းကို မေ၁၄ရက် မှာ ပြောင်းရွှေ့လာခဲ့ကြတာပါ။
ဂျော်မဆတ်ဘုရားကျောင်းတွင်းရေးမှူး ဇော်ရတ် က “အခုဂျော်မဆက် ဘုရားကျောင်းမှာဆိုရင် မေလ ၈ ရက်နေ့ကစပြီး မေလ ၁၅ ရက်နေ့အထိ အောင်လော့ဒ်ဘက်ကနေ ပြည်သူ ၅၀၀ နီးပါးလောက်ရောက်ရှိနေပြီဖြစ်တယ်။ အခုရောက်လာတဲ့သူတွေထဲမှာ ကိုယ်ဝန်ဆောင်သည်တွေ အဆုတ်ရောဂါရှိတဲ့သူတွေ ပါဝင်လာပြီး ထိခိုက်ဒဏ်ရာရလာတဲ့သူတွေ မရှိဘူး”လို့ပြောပါတယ်။
အစိုးရတပ်မတော်နဲ့ အေအိုင်အေတို့အကြား တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို တိန်းရှောင်လာတဲ့ ပြည်သူတွေဟာ တနိုင်း၊ မိုးကောင်း၊ နမ္မတီးနဲ့ မြစ်ကြီးနားမြို့ပေါ်တွေမှာ စစ်ဘေးတိမ်းရှောင် ခိုလှုံရောက်ရှိနေပါတယ်။
တနိုင်းဒေသ အောင်လော့ဒ်ကျေးရွာကနေ ထွက်ပြေးရာကနေ တောထဲမှာ ပိတ်မိနေတဲ့ ပြည်သူ ၂၀၀၀ကျော်လောက်ရှိတဲ့အနက် ၄၀၀ လောက်သာ တောတွင်းမှာ ကျန်တော့တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ပြောပါတယ်။











