DVB Logo
Home
မေးမြန်းခန်း
အစိုးရနှင့် ကေအိုင်အို ဆွေးနွေး (မေးမြန်းချက်)
DVB
·
June 22, 2012
အစိုးရနှင့် ကေအိုင်အို ဆွေးနွေး (မေးမြန်းချက်)
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် ဦးဆောင်တဲ့ အဖွဲ့တို့ ကေအိုင်အိုတပ်မဟာ (၃) နယ်မြေ မိုင်ဂျာယန်မှာ ဒီလ ၂၀ ရက်မှာ တတိယ အကြိမ်မြောက် အလွတ်သဘောတွေ့ဆုံပါတယ်။ တွေ့ဆုံမှုအခြေအတွေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးချုပ်ဂွမ်မော် ကို မေးထားပါတယ်။

ဗိုလ်မှူးတို့ မိုင်ဂျာယမ်မှာ ဦးအောင်မင်းတို့နဲ့ ၂ ရက်ဆက်တိုက် တွေ့တယ်လို့ ကြားတယ်။ အဲဒီတွေ့ဆုံပွဲက အလွတ်သဘောလား၊ တရားဝင်လား။

“အလွတ်သဘောပါ။ ကျနော်တို့ ၂ ရက်မဟုတ်ပါဘူး၊ တညအိပ်လာတယ်ဆိုတော့ အစည်းအဝေးကတော့ ၂၀ ရက်နေ့အစည်းအဝေး ဖြစ်ပါတယ်။ အလွတ်သဘောဖြစ်ပါတယ်။”

အလွတ်သဘောက တတိယအကြိမ်လို့ ပြောလို့ရတယ်ပေါ့။

“ဟုတ်ပါတယ်။ ပြောလို့ရပါတယ်။”

ကေအိုင်အိုဘက်က ဘယ်သူတွေတက်ပြီး အစိုးရဘက်က ဘယ်သူတွေတက်လဲ။

“အစိုးရဘက်ကတော့ ၀န်ကြီးဦးအောင်မင်းနဲ့အတူ သူ့ရုံးအဖွဲ့ ဆရာလှမောင်ရွှေတို့၊ ဒေါက်တာကျော်ရင်လှိုင်တို့၊ ဦးဆန်နီတို့ ပါလာတယ်။ သိပ်များများ မဟုတ်ပါဘူး။ ကေအိုင်အိုဘက်က ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်နဲ့ ၆ ယောက်ပါပါတယ်။”

တွေ့ဆုံပွဲ အလွတ်သဘောတွေက ဦးအောင်သောင်းနဲ့ ကနဦးပိုင်း တွေ့ဆုံပွဲတွေနဲ့စာရင် နှိုင်းယှဉ်ချက်အရဆိုရင် ဘာတွေများကွာလဲ။

“ဦးအောင်သောင်းတို့နဲ့ကျတော့ အားလုံးပါဝင်တဲ့ အစည်းအဝေးဖြစ်တယ်။ အဲဒီအခါကျတော့ အစည်းအဝေးမှာကျတော့ အစည်းအဝေး အစဉ်အလာတွေနဲ့ ပြောကြရတာပေါ့။ အခုကျတော့ အလွတ်သဘော တွေ့ဆုံဆွေးနွေးတယ်ဆိုတော့ အစည်းအဝေးပုံစံ မဟုတ်ဘူး။ ပိုပြီးလွတ်လွတ်လပ်လပ်နဲ့ ပွင့်ပွင့်လင်းလင်း ပြောနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။”

အဓိက ဦးအောင်မင်းတို့က ဘာတွေပြောသလဲ၊ ဗိုလ်မှူးချုပ်တို့ကကော ဘာတွေပြန်ပြောသလဲ၊ သိသင့်သိထိုက်တဲ့ဟာတွေ ပြောပြပါ။

“အလွတ်သဘောဆိုပေမယ့် အရင်ဦးအောင်သောင်းတို့နဲ့ ဆွေးနွေးထားတဲ့ အချက်အလက်တွေရယ်၊ ကျနော်တို့ ကေအိုင်အိုကနေ ဇန်န၀ါရီ ၁၈၊ ၁၉ မှာ ဦးအောင်သောင်းတို့ အဖွဲ့ကို တင်ပြထားတဲ့ အပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးကြတာပါ။ အဲဒီအပေါ်မှာ ကျနော်တို့က တိုက်ပွဲတွေကို ရပ်ဆိုင်းနိုင်ဖို့ဆိုရင် ၂ ဖက်တပ်တွေကို ဘယ်လိုလုပ်ပြီး ခွာထားရမလဲ၊ ဘာဖြစ်လို့ ဒီတိုက်ပွဲတွေကို မရပ်နိုင်ရတာလဲဆိုတဲီ့အချက်တွေပေါ်မှာ အဓိကထားပြီး ဆွေးနွေးကြတာဖြစ်ပါတယ်။”

အဲဒီတော့ အလွတ်သုံးကြိမ်တွေ့ပြီးတော့ နောက်ပိုင်းမှာ တရားဝင်ဆွေးနွေးပွဲတွေ ခေါ်ပြီးတော့ ၂ ဖက်လိုလားချက် အပြည့်မရရင်တောင်မှ ထိုက်သင့်တဲ့ လိုလားချက်တွေ ရဖို့အတွက် အလားအလာတွေ မြင်နေရပြီလား။

“ကျနော်တို့ ၂ ဖက်စလုံး ကြိုးစားနေပါတယ်။ တရားဝင်ဆွေးနွေးပွဲ အခုက အလွတ်သဘောဆိုပေမယ့် ဒါလည်း တရားဝင်ပါပဲ။ သို့သော် တကယ်ဆွေးနွေးပွဲတွေ ဖြစ်ပြီးတော့ တစုံတခုကို ပြည်သူလူထု မြင်သာအောင် လက်ဆုပ်လက်ကိုင် ပြနိုင်အောင် ကြိုးစားဖို့ စဉ်းစားနေကြတာပါ။”

ဗိုလ်မှူးချုပ်တို့ရဲ့ နယ်မြေထိန်းချုပ်ခွင်ထဲကို ဒုက္ခသည်တွေကိစ္စကိုကော ဦးအောင်မင်းနဲ့ ပေါင်းဖြေရှင်းတဲ့ထဲမှာ ပါသလား။

“ကျနော်တို့ လောလောဆယ်တော့ ဖြေရှင်းနိုင်တဲ့ အဆင့်ကို မဆွေးနွေးနိုင်သေးပေမယ့် ဒီဒုက္ခသည်တွေ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကို အကြမ်းဖျင်း သဘောထားလေးတွေ ၂ ဖက် ဖလှယ်ကြတာမျိုး ရှိပါတယ်။ ကျနော်တို့ ကချင်ဒေသ တခုလုံးမှာ ရောက်နေတဲ့ ဒုက္ခသည်ကိစ္စကို တဖက်နဲ့တဖက် အပြန်အလှန် ဘယ်လို ဖြေရှင်းသင့်သလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။”

အစိုးရက တောက်လျှောက်ပြောနေတယ်၊ အပစ်အခတ် ရပ်ရေး လုပ်ပြီးမှသာလျှင် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ်၊ ယူအန်အက်ဖ်စီ (ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ) နဲ့လည်း ဆွေးနွေးနိုင်မယ်ဆိုတဲ့ အသံတွေလည်း ကြားနေတယ်။ ကေအိုင်အိုကော အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးဖို့ ရှိပါသလား။

“ကျနော်တို့ တောင်းဆိုနေတာက အပစ်အခတ် ရပ်ဆိုင်းရေး တခုတည်းကို တောင်းဆိုနေတာ မဟုတ်ဘူး။ ကေအိုင်အိုက ငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ်။ ဒါပေမယ့် ကျနော်တို့ တောင်းဆိုနေတာက ငြိမ်းချမ်းရေးနဲ့ အတူတူ တရားမျှတမှုနဲ့ တိုင်းရင်းသားများ ရပိုင်ခွင့်ကို တောင်းဆိုနေတာပါ။ အဲဒီတော့ ဒီမူဘောင်ထဲကို ဆွေးနွေးလို့ အဖြေရှာနိုင်မယ်ဆိုရင် အပေးအယူဆိုတာ ရှိမှာပါ။”

ဗိုလ်မှူးတို့ နောက်တကြိမ် ဦးအောင်မင်းနဲ့ ဘယ်တော့လောက် ထပ်ဆွေးနွေးကြမလဲ။

“နောက်တကြိမ် အမြန်ဆုံး ဆွေးနွေးနိုင်ဖို့ သဘောတူထားတယ်။ ဒါကြောင့် ကျနော်တို့လည်း ဗဟိုကော်မတီ အစည်းအဝေးတွေနဲ့ ကျနော်တို့ အကျိုးဆောင်များနဲ့ ဆက်ပြီးဆွေးနွေးမယ်၊ ဆွေးနွေးပြီးတော့ သိပ်ပြီးနီးကပ်နေတဲ့ ၂ ဖက်တပ်စခန်းတွေကို ဘယ်လိုလုပ်ပြီး ခွာကြမလဲဆိုတဲ့ အပိုင်းကို ကျနော်တို့ အဓိကထားပြီးတော့မှ ဆွေးနွေးကြဖို့ဖြစ်ပါတယ်။”

အလွတ်သဘော သုံးကြိမ်တောင် တွေ့တယ်ဆိုတော့ ယူအန်အက်ဖ်စီရဲ့ အနေအထားကို ဦးအောင်မင်းတို့က ဘယ်လိုသဘောထားတာ မြင်ရလဲ။

“ယူအန်အက်ဖ်စီ ကိစ္စတော့ အကျယ်တ၀င့် ဆွေးနွေးတာမရှိဘူး။ သို့သော်လည်း ကျနော်တို့ရဲ့ စိတ်ထဲမှာ ခံစားချက်ကတော့ ပြည်ထောင်စုအရေးလို့ ပြောကြရင် အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ လိုအပ်ပါတယ်။ အဲဒီအချိန်မှာ ယူအန်အက်ဖ်စီ အဖွဲ့ဝင်တွေက ယူအန်အက်ဖ်စီ အဖွဲ့ဝင်အနေနဲ့ တက်ရောက်ဖို့ လိုအပ်သလို ယူအန်အက်ဖ်စီ အဖွဲ့အ၀င် မဟုတ်သော်လည်း အခြားပါဝင်သင့်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အစိုးရပုဂ္ဂိုလ်များ ပညာရှင်များအားလုံး ပါဝင်လာကြမှာပါ။ ယူအန်အက်ဖ်စီရဲ့ မူကတော့ ယူအန်အက်ဖ်စီ အဖွဲ့ဝင်များ အားလုံးကတော့ ကျနော်တို့ အားလုံးရဲ့ အရေးကို ၀ိုင်းဝန်းစဉ်းစား ဆွေးနွေးပြီးတော့ အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ဖို့ ဖြစ်ပါတယ်။”

ဦးအောင်မင်းနဲ့ နောက်တကြိမ်တွေ့မယ့် အလားအလာ ဘယ်လောက်ထိ နီးကပ်တယ်လို့ ခန့်မှန်းခြေအားဖြင့် ပြောပြနိုင်လဲခင်ဗျ။

“ကျနော်တို့ တွေ့ဆုံမှုကတော့ လိုအပ်ရင် လိုအပ်သလို အကြိမ်အရေအတွက် အကန့်အသတ် မရှိဘဲ လုပ်သွားမှာပါ။ အဓိကတော့ ၂ ဖက်စလုံးက ကောင်းမွန်တဲ့အဖြေကို ရှာဖို့ကြိုးစားနေတယ်။ ကေအိုင်အို အနေနဲ့လည်း ကျနော်တို့ရဲ့ ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြီးတော့ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောချင်ပါတယ်။”

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013