DVB Logo
Home
မြန်မာသတင်း
ကိုယ်ပိုင်ကျောင်းများကို သတ်မှတ်စည်းကမ်းနှင့် ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးမည်
DVB
·
May 14, 2018
ကိုယ်ပိုင်ကျောင်းများကို သတ်မှတ်စည်းကမ်းနှင့် ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးမည်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင်ကျောင်းတွေကို သတ်မှတ်စည်းကမ်းနဲ့  ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးသွားဖို့ရှိနေတယ်လို့ စစ်ကိုင်းတိုင်း ပညာရေး ဦးစီးဌာနက သိရပါတယ်။

ကိုယ်ပိုင်ကျောင်းတချို့ဟာ ယူထားတဲ့ ငွေကြေးနဲ့ ဝန်ဆောင်မှုအပိုင်းမှာ လိုက်လျောညီထွေ မရှိဘဲ လိုအပ်ချက်၊ အားနည်းချက်တွေ ရှိနေတယ်လို့  ကျောင်းသားမိဘတွေ ပြောဆိုဝေဖန်မှုတွေ ရှိနေတာနဲ့ပတ်သက်ပြီး တိုင်းပညာရေးဦးစီးဌာနကနေ စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားဖို့ ရှိနေတာပါ။

စစ်ကိုင်းတိုင်းပညာရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းက “ပြောမယ်ဆိုရင်တော့ ကိုယ်ပိုင်ကျောင်းများသည် ပညာရေးနဲ့ စီးပွားရေးရှာစားကြတာပေါ့လေ။ ကျောင်းသူ ကျောင်းသားတွေရဲ့ ပေးထားတဲ့ ဈေးနှုန်းနဲ့ တန်အောင်တော့ ကိုယ်ပိုင်ကျောင်းတွေက ထားသင့်တယ်လို့ ယူဆတာပေါ့လေ။ ကျနော်တို့အနေနဲ့ ဒီဘက်နှစ်ပိုင်းတော့ ဒုတိယအကြိမ်မှာ ဒါတွေနဲ့ပတ်သက်ပြီးတော့ စစ်ဖို့လည်း အစီအစဉ်လေးတွေ ရှိပါတယ်။ ကျနော်တို့လည်း ကြားနေရတာ ရှိတာပေါ့။ တချို့ ကိုယ်ပိုင်ကျောင်းတွေမှာ အိပ်ဆောင်တွေ မကောင်းဘူး။ ကျပ်တယ်။ ကလေးတယောက်အတွက် ရှိရမယ့် အကျယ်အဝန်း မရှိဘူး။ ဒါမျိုးတွေလည်း တွေ့နေရတာပေါ့။ တချို့ဆိုလည်း ကျောင်းတွေမှာ၊ စာသင်ခန်းတွေမှာ တခန်းလူ ၄၀ နှုန်းလောက် ထားသင့်တယ်။ တချို့ကျောင်းတွေမှာ ၅၀၊ ၆၀ ထားတာတွေလည်း တွေ့နေရတယ်။ စာသင်ခန်းတွေချဲ့ဖို့၊ အဆောက်အဦချဲ့ဖို့ လိုတာပေါ့။ တချို့ကျောင်းတွေမှာ စားရိပ်သာနဲ့ပတ်သက်ပြီး စံချိန်မမီဘူး။ လိုအပ်သေးတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်ဖို့ ဆေးဖို့ လိုအပ်သေးတာပေါ့”လို့ ပြောပါတယ်။

ကိုယ်ပိုင်ကျောင်းတွေ ပိုမိုခွင့်ပြုပေးလာတဲ့အတွက် စာမေးပွဲအောင်ချက် ရာခိုင်နှုန်းမှာတော့ သိသိသာသာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်ကျောင်းတွေက စာကိုသာ ဦးစားပေးသင်ကြားနေတာဖြစ်လို့ ကျန်တဲ့ သက်မွေး၊ အားကစား၊ ကာယ၊ ဂီတ၊ စာရိတ္တ၊ ရသပိုင်းတွေမှာ အစိုးရကျောင်းနဲ့ယှဉ်ရင် အားနည်းနေသေးတယ်လို့ ဆိုပါတယ်။

ကိုယ်ပိုင်ကျောင်းအများစုက စာကလွဲလို့ ကျန်တဲ့အပိုင်းမှာ လိုအပ်ချက်၊ အားနည်းချက် ရှိပေမယ့် အချို့ကျောင်းတွေမှာကတော့ ဘက်စုံပညာရေးဆိုတဲ့အတိုင်း သင်ပေးနေတာတွေလည်း ရှိတယ်လို့ ကိုယ်ပိုင်ကျောင်းအုပ်တဦးက ပြောပါတယ်။

SEC ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးသိန်းဇော်က “ကိုယ်ပိုင်ကျောင်းဘက်မှာ အားကိုးအားထားပြုနေတဲ့ လူတန်းစားအလွှာနဲ့ မိသားစုတွေ ရှိနေသလို၊ အစိုးရကျောင်းဘက်မှာ ယုံကြည်မှုရှိနေတာလည်း ရှိတာပဲ။ ငွေကြေးတောင်းတဲ့ ပမာဏကလည်း နည်းတဲ့ဆီကနည်း၊ များတဲ့ဆီကများဆိုတာ ဟုတ်နေတာပဲ။ ဒါကလည်း နိုင်ငံတော်ကနေ ဘယ်လောက်တောင်းပါ ဆိုပြီးတော့လည်း မရပြန်ဘူး။ ဝင်ပြီးတော့ သတ်မှတ်ပေးလို့ မရပြန်ဘူး။ ဒါကတော့ မိဘတွေကိုယ်တိုင် အကဲခတ်ပြီးမှ ဘယ်လိုကျောင်းမျိုးက ဘယ်လောက်တောင်းပြီးတော့ ဘယ်လိုဖန်တီးပေးနေတယ်။ ဘယ်လိုကျောင်းမျိုးက ဘယ်လောက်သာတောင်းတယ်။ ဖန်တီးပေးတဲ့၊ ဝန်ဆောင်မှုပေးတဲ့ အင်အားက နည်းတယ် မနည်းဘူးဆိုတာက ကိုယ်တိုင် သုံးသပ်ကြရမယ့် အနေအထားလို့ မြင်ပါတယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကိုယ်ပိုင်ကျောင်းတွေက ကလေးမြို့၊ ရေဦးမြို့တွေမှာ အများဆုံး ဖြစ်ပါတယ်။ လက်ရှိမှာ ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်ကျောင်းဥပဒေ၊ နည်းပဒေ ပေါ်ထွက်လာရေးအတွက်လည်း လုပ်ဆောင်နေပါတယ်။

ဥပဒေပေါ်ထွက်လာပြီး ဥပဒေအတိုင်း တိတိကျကျ ဆောင်ရွက်ရင် ကိုယ်ပိုင်ကျောင်း တော်တော်များများ ရပ်သွားနိုင်သလို လက်ရှိမှာကို တည်ဆဲဥပဒေနဲ့အညီ စိစစ်မယ်ဆိုရင် ရပ်ရမယ့်ကျောင်းတွေ ရှိနေပါတယ်။

အခုနောက်ပိုင်း ကျောင်းသားမိဘတွေအနေနဲ့ ငွေကြေးသုံးစွဲနိုင်တဲ့အပေါ် မူတည်ကာ ကိုယ်ပိုင်ကျောင်းတွေ၊ ဘော်ဒါတွေမှာ အလျဉ်းသင့်သလို ကိုယ့်သားသမီးကို ထားလာကြပါတယ်။

ဒီလို ထားလာကြတာကလည်း ကိုယ့်သားသမီးကို တအားတတ်စေချင်လို့ ထားကြတာဖြစ်ပြီး အစိုးရကျောင်းတွေမှာလည်း တကယ်တော်တဲ့ တတ်တဲ့ ဆရာ၊ ဆရာမတွေ အများကြီးရှိတယ်၊ တကယ်လည်း သင်နေကြတယ်။ ဒါပေမယ့် မိဘရဲ့လိုအင်ဆန္ဒအရ ကိုယ်ပိုင်ကျောင်းတွေ သွားတယ်လို့ပဲ မြင်တယ်လို့လည်း ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းက ပြောပါတယ်။

၂၀၁၈-၁၉ ပညာသင်နှစ်အထိ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုယ်ပိုင်ကျောင်းပေါင်း ၁၀၄ ကျောင်းထိရှိကာ အရင်ကထက် ပိုမိုခွင့်ပြုပေးလာတာပါ။

စမ်းသပ် ၁ နှစ်ခွင့်ပြုတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း ၃၀ ကျောင်း၊ စမ်းသပ် ၁ နှစ်မှ ယာယီ ၂ နှစ်ထိ ၂၅ ကျောင်း၊ ယာယီ ၂ နှစ်မှ ယာယီ ၂ နှစ် သက်တမ်းတိုး ၃၀ ကျောင်း၊ သက်တမ်းကျန် ၁၄ ကျောင်းနဲ့ လိုအပ်ချက်တွေကြောင့် စမ်းသပ် ၁ နှစ်မှ စမ်းသပ် ၁ နှစ်ပြန်ထားတဲ့ ၅ ကျောင်း ခွင့်ပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013