
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ ပြည်သူ ၆၁၂ ယောက်က လက်မှတ်ထိုးပြီး YBS ၃၇ ယာဉ်လိုင်းကို တိုက်ကြီး-ဆူးလေဂိတ်အစအဆုံး ချထားပေးဖို့ မေ ၉ ရက်နေ့က သက်ဆိုင်ရာဌာနဆိုင်တွေကို စာတင်တောင်းဆိုထားတယ်လို့ ပြောပါတယ်။
လက်မှတ်ထိုးရာမှာ ပါဝင်သူ ဦးကျင်သောင်းက "ကျနော်တို့ တိုက်ကြီးမြို့က မြို့နယ်ဖြစ်တော့ ရုံးဝန်ထမ်းများတယ်။ ရန်ကုန်နဲ့ ဆက်သွယ်တဲ့ ကုန်သွယ်တာတွေ များတဲ့အတွက် နေ့စဉ်ခရီးသွားဦးရေ ဥက္ကံမြို့ထက်ပိုများပါတယ်။ အခုဥက္ကံ-ဆူးလေ YBS ၃၇ ယာဉ်လိုင်းတွေ စဆွဲနေပြီ။ ဥက္ကံက ခရီးသွားတွေ အစဉ်ပြေနေချိန်မှာ ကျနော်တို့တိုက်ကြီးက ခရီးသွားတွေက ရန်ကုန်ကို ရောက်ဖို့အတွက် ကားအဆင့်ဆင့်စီးနေရပြီး အချိန်နှောင့်နှေးကြန့်ကြာတာတွေ ဖြစ်နေတဲ့အတွက် အခုလိုသက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို စာတင်တောင်းဆိုတာပါ"လို့ပြောပါတယ်။
ခရီးသွားပြည်သူတဦးဖြစ်သူ ဦးမောင်မောင်လတ်က "ကျနော်တို့ ဟိုးအရင် တိုက်ကြီး-ဆူးလေ စတင်ဆွဲတုန်းက ရန်ကုန်မြို့ထဲကို တိုက်ရိုက်ရောက်တော့ သွားရတာ အဆင်ပြေတယ်။ အချိန်ကုန်လည်း သက်သာတယ်။ ခရီးလည်းတွင်ပါတယ်။ YBS 90 ယာဉ်လိုင်းတွေပြောင်းဆွဲတော့ မြို့ထဲကို တိုက်ရိုက်မရောက်ဘဲ အဆင့်ဆင့်စီးရတယ်။ နောက်တစ်ခု YBS 90 ကားတွေက သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့လည်းမညီတဲ့အတွက် ကျနော်တို့ခရီးသွားတွေ အဆင်မပြေ ဖြစ်ရပါတယ်"လို့ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)က မေလ ၆ရက်နေ့က ဥက္ကံ-ဆူးလေ YBS ၃၇ ယာဉ်းလိုင်းကိုကားအစီးရေ ၂၀ နဲ့ စတင်ပြေးဆွဲပေးနေတဲ့အတွက် ဥက္ကံမြို့မှခရီးသွားပြည်သူတွေ အဆင်ပြေချေမွေ့နေပါတယ်။
သတင်း၊ ဓာတ်ပုံ - မေသွယ်











