
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းက အောင်လော့ဒ်ကျေးရွာမှာ ပိတ်မိပြည်သူ မရှိဘူးလို့ ပြည်နယ်အစိုးရအဖွဲ့က ငြင်းဆိုလိုက်ပြီး ပိတ်မိပြည်သူ ရှိ၊ မရှိကိုလည်း သူတို့အနေနဲ့ မသိဘူးလို့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ပြောဆိုချက်အပေါ် ဝေဖန်မှုတွေ ရှိလာပါတယ်။
ပြည်နယ်အစိုးရသက်တမ်းအတွင်း ဒုတိယအကြိမ်ပြုလုပ်တဲ့ မေ ၁၁ ရက် သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားခဲ့တာဖြစ်ပြီး ပိတ်မိပြည်သူတွေကို အားကောင်းတဲ့ ဒရုန်းနဲ့ သေချာကြည့်ရင်တော့ တွေ့ရင်တွေ့မယ်လို့ ပြောခဲ့တာလည်းဖြစ်ပါတယ်။
“ပိတ်မိပြည်သူတွေဟာ အဲဒီရွာမှာမရှိတာ။ ဘယ်နေရာရှိသလဲဆိုတာ I don’t know။ ရှင်းပြီနော်” လို့ မြစ်ကြီးနား သတင်းဂျာနယ်ရဲ့ မေးမြန်းချက်ကို ၀န်ကြီးက ဒေါသတကြီးနဲ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အောင်လော့ဒ်ကျေးရွာက ပြည်သူ ၂၀၀၀ နီးပါးဟာ ဧပြီ ၁၁ ရက်ကတည်းက သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာခဲ့ကြရတာဖြစ်ပြီး မေ ၉ ရက်မှစတင်ကာ တနိုင်းမြို့ပေါ်နဲ့ မြစ်ကြီးနား မြို့နယ်အတွင်းကို အဲဒီပြည်သူတွေထဲက အနည်းစုက ပြန်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
လူမှုရေးဝန်ကြီးရဲ့ ပြောကြားချက်ဟာ ကချင်လူထုအကြားမှာ ဝေဖန်စရာဖြစ်လာခဲ့ပြီး အစိုးရအနေနဲ့ ပိတ်မိပြည်သူ ရှိ၊ မရှိကို သေချာအောင် မဆောင်ရွက်ပေးနိုင်တာကလည်း အစိုးရရဲ့ ဂုဏ်သိက္ခာကျဆင်းစေတယ်လို့လည်း ဝေဖန်တာတွေရှိနေပါတယ်။
ကချင်လူငယ်ထုသပိတ်စခန်းနဲ့ ကချင်ပြည်နယ်ဝန်ကြီး ဒေါက်တာခက်အောင်တို့ မေ ၃ ရက်က တွေ့ဆုံခဲ့တဲ့အချိန်မှာ ပြည်နယ်အစိုးရဘက်က ပိတ်မိပြည်သူရှိတာကို အသိအမှတ်ပြုခဲ့သလို ကယ်ထုတ်ပေးဖို့ကိုလည်း တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ်လို့ သပိတ်စခန်းဦးဆောင်ကော်မတီက တာဝန်ခံ မဆွတ်ဆိုင်းထွယ်က ပြောပါတယ်။
“ပိတ်မိပြည်သူရှိတာ သူတို့သိတယ်။ အမြန်ဆုံးကယ်ရမယ်ဆိုတာလည်း သူတို့ ပြောခဲ့တယ်။ နေ့တိုင်း မြစ်ကြီးနားမြို့ပေါ်က ရောက်လာကြတာလည်းရှိတယ်။ အစိုးရအနေနဲ့ သူတို့ကို မေးပြီး စာရင်းသေချာကောက်သင့်တယ်။ အောင်လော့ဒ်ကျေးရွာမှာ ပိတ်မိပြည်သူ မရှိဘူးဆိုတော့ အဲဒီလူတွေ ဘယ်ရောက်သွားကြလဲဆိုတာ အစိုးရအနေနဲ့ သိအောင်လုပ်သင့်တယ်။ အခုက တာဝန်မယူတဲ့ပုံစံ ဖြစ်နေတယ်။”
မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာက ဂျော်မဆတ်ဘုရားကျောင်းကို အောင်လော့ဒ်ရွာ ကနေ ထွက်ပြေးရင်း ရောက်ရှိနေတဲ့ မဆိုင်းနွယ်ကလည်း သူတို့အနေနဲ့ ရွာကနေအုပ်စုတွေခွဲပြီး ထွက်ပြေးလာကြရတာဖြစ်တဲ့အတွက် ပိတ်မိပြည်သူတွေ တောထဲမှာ ကျန်နေသေးတယ်လို့ ပြောပါတယ်။
“တောထဲမှာ ကလေးမွေးတဲ့လူတွေလည်း ကျန်နေသေးတယ်။ ကလေးက အရမ်းငယ် သေးတော့ သူတို့လမ်းအကြာကြီးလျှောက်ပြီး ထွက်လာဖို့ မဖြစ်နိုင်သေးဘူး။ တောထဲမှာ ကတော့ ကျန်သေးတယ်”လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ အောင်လော့ဒ်ကျေးရွာက ပြည်သူနှစ်ထောင်နီးပါးထဲက ၁၀၀၀ ကျော်လောက်ဟာ မြစ်ကြီးနားနဲ့ တနိုင်းမြို့က ဘုရားကျောင်းအချို့ကို ရောက်ခဲ့ပြီးဖြစ်ပေမယ့် တောထဲမှာ ၄၀၀ နီးပါးလောက် ကျန်နေသေးတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ)က စာရင်းအရ သိရပါတယ်။
ဒီဗွီဘီရဲ့ စုံစမ်းသိရှိချက်များအရ တောထဲက ပိတ်မိနေတဲ့ပြည်သူတွေက တနိုင်းမြို့က ဘာသာရေးခေါင်းဆောင်တွေကို ဆက်သွယ်ပြီး ပိတ်မိနေတဲ့နေရာကနေ လာကယ်ကြဖို့ တောင်းဆိုနေကြတယ်လို့ သိရပါတယ်။ သူတို့ကို သွားကယ်ဖို့ကိုတော့ အာဏာပိုင်တွေဘက်က ခွင့်ပြုတာမျိုးမရှိဘူးလို့လည်း တနိုင်းမြို့က ခရစ်ယာန်ဘုရားကျောင်းတစ်ခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ခွင့်ပြုချက်မရှိဘဲ သွားကယ်ရတာဖြစ်တဲ့အတွက် အခက်အခဲတွေရှိပါတယ်။ လမ်းကြောင်းတွေပတ်ပြီး သွားခေါ်ရတာတွေလည်းရှိတယ်။ နောက်ပြီး အသက်အရွယ်ကြီး သူတွေ၊ ကလေးတွေပါတဲ့အတွက် လမ်းမလျှောက်နိုင်ကြတော့ ဆင်တွေပေါ်တင်ပြီး ခေါ်ခဲ့ရတာတွေရှိပါတယ်”လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီလည်း တိုက်ပွဲတွေကြောင့် တနိုင်းဒေသမှာ တောထဲကနေ ထွက်မလာနိုင်သေးဘဲ ပိတ်ဆို့ခံနေရသေးတဲ့သူတွေ အများကြီးရှိနေသေးသလို သူတို့ဆီ အကူအညီထောက်ပံ့မှုတွေရအောင် လုပ်ပေးရမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါ တယ်။
“လူတွေမှာလည်း အထောက်အပံ့ အကူအညီရမယ့်နေရာဆီ မရောက်နိုင်သေးတော့ အတော်ကို သနားဂရုဏာသက်စရာ အခြေအနေကို ရောက်နေတယ်လို့ ကျနော်တွေးနိုင်ပါ တယ်။ ကျနော်တို့ လိုနေတာကတော့ သူတို့ဆီအထောက်အပံ့တွေ အမြန်ဆုံးရောက်နိုင်ဖို့ပါပဲ။ ဒါကို ကိုင်တွယ်စီမံနိုင်ရင်တော့ ဒုက္ခရောက်နေသူတဲ့သူတွေကို အမြန်ဆုံးကူညီနိုင်မယ်ဆို တာကို သံသယရှိစရာ အကြောင်းမရှိဘူး”လို့ အိုင်စီအာစီရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံးရဲ့ ဆက်သွယ်ရေးအရာရှိ ဖာဘရီဇီယို ကာဘိုလ်နီက ပြောဆိုထားပါတယ်။
ကေဘီစီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာဆမ်ဆွမ်ကတော့ တောထဲ ရောက်သွားတဲ့ ပြည်သူတွေအပေါ် အစိုးရအနေနဲ့ တစ်ခုခုဆောင်ရွက်ပေးသင့်တဲ့အပြင် တောထဲကနေရောက်လာကြတဲ့ ပြည်သူတွေကိုလည်း စစ်ဘေးရှောင်စခန်းတွေမှာ ပေးနေသင့်တယ်လို့ ပြောပါတယ်။
“စစ်ရှောင်တွေရှိနေတယ်ဆိုတာကို မသိစေချင်တဲ့သဘောရှိတယ်။ ဒါပေမယ့် လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ပေးနေသင့်တယ်”လို့ သူက ဆိုပါတယ်။
ရဲမွန်











