
တနင်္သာရီကနေ ပဲခူးကို ၅၀၀ ကေဗွီ ဓာတ်အားလိုင်းသွယ်တန်းမယ့် ဒေသတလျှောက်က ပြည်သူတွေရဲ့ သဘောထားအမြင်တွေရယူဖို့ လူထုတွေ့ဆုံပွဲကို ရေးမြို့နယ်မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ တိုတယ်-မြန်မာနဲ့ SIEMENS MYANMAR ကုမ္ပဏီတို့က LNG ဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး ပဲခူး (ဘုရားကြီး) ဓာတ်အားခွဲရုံကို ၅၀၀ ကေဗွီ လျှပ်စစ်ပို့လွှတ်လိုင်းနဲ့ သွယ်တန်းပို့ဆောင်မှာ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံကိန်းတစ်ခုဖြစ်တဲ့ အဲဒီဓာတ်အားလိုင်းသွယ်တန်းခြင်းအတွက် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE-Initial Environment Examinatin) ကို တိုတယ်-မြန်မာ၊ SIEMENS MYANMAR နှင့် ERM ကုမ္ပဏီတို့က ဆောင်ရွက်မှာဖြစ်ပြီး အဲဒီ IEE လုပ်ငန်းစဉ် အရ ပြည်သူလူထုပူးပေါင်းပါဝင်ကာ သဘာထားအမြင်နဲ့ အတွေ့အကြုံတွေဖလှယ်နိုင်ဖို့ ပြုလုပ်တာလို့ Kangbauk LNG to Power Project မှ Stakeholder Engament Coordinator ဦးအောင်ဇော်ဝင်းက ပြောပါတယ်။
''စီမံကိန်းတိုင်းမှာ သက်ရောက်မှုဆိုတာရှိတယ်။ အကျိုးသက်ရောက်မှု များပြီး အဆိုးသက်ရောက်မှုနည်းအောင်၊ အဆိုးသက်ရောက်မှုရှိခဲ့ရင်လည်း တတ်နိုင်သမျှ ဘယ်လို လျှော့ချပြီးတော့ လုပ်ပါမယ်ဆိုတဲ့ ကျနော်တို့ရဲ့ကတိက၀တ်ကို ချပြချင်တယ်။ ဒီလို ချပြပြီးတော့ ပြောဆိုထားတဲ့ ကတိအတိုင်း လုပ်မလုပ်ကို စောင့်ကြည့်လေ့လာမှုတွေကို ဖိတ်ခေါ်ချင်တယ်။ စောင့်ကြည့်လေ့လာသူအဆင့်မှာ လူထုကိုယ်စားပြုအဖွဲ့အစည်း၊ အစိုးရသော်လည်းကောင်း ထောက်ပြလို့ ရပါတယ်။ အဆိုးသက်ရောက်မှုအပေါ်မှာ ပြည်သူလူထုအနေနဲ့ စီမံကိန်းလည်း လုပ်လို့ရအောင် သူတို့လည်း လက်ခံနိုင်တဲ့ အတိုင်းအတာရှိအောင် ညှိနှိုင်းလို့ရတဲ့ အခြေအနေတစ်ခု အပေါ်မှာ အလုပ်လုပ်ဖို့ လိုလားပါတယ်'' လို့ ဒီဗွီဘီကို ပြောပါတယ်။
မိုင်ပေါင်း ၂၈၀ လောက် ရှည်လျားပြီး တနင်္သာရီ၊ မွန်၊ ကရင်၊ ပဲခူး တို့ကို ဆက်စပ်ဖြတ်သန်းမယ့် အဆိုပြုလမ်း အူကြောင်းလေ့လာမှုတွေကို မနှစ်ကပြုလုပ်ခဲ့ပြီး အခု မြေပြင်တိုင်းတာမှုတွေကို ထပ်မံပြုလုပ်သွားဦးမှာပါ။
မြေပြင်တိုင်းတာလေ့လာမှုတွေအတွင်း ဒေသခံပြည်သူတွေ၊ အစိုးရဌာနဆိုင်ရာတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ညှိနှိုင်းတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပြီး ဓာတ်အားလိုင်းသွယ်တန်းဖို့ ရှင်းလင်းရမယ့် သီးပင်၊ စားပင်၊ လယ်ယာ၊ ဥယျာဉ်ခြံမြေတို့အတွက် အစိုးရသတ်မှတ်နှုန်းထားအပေါ်အခြေခံကာ သက်ဆိုင်ရာ ဌာနနဲ့ လူထုကိုယ်စားပြုအဖွဲ့များပါဝင်တဲ့ မြေယာသီးနှံညှိနှိုင်းရှင်းလင်းရေးအဖွဲ့ရဲ့ ညှိနှိုင်းမှုနဲ့ ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတယ်လို့ စီမံကိန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ''နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ လျှပ်စစ်က လိုအပ်ချက်ရှိနေတယ်၊ ခုလိုလုပ်တာက လျှပ်စစ်လိုအပ်ချက်တွေရှိနေတဲ့ မြန်မာနိုင်ငံတောင်ပိုင်းနဲ့ အခြားလိုအပ်တဲ့မြို့တွေအတွက် ကြိုဆိုပါတယ်။ စံနှုန်းတွေနဲ့ပြည့်မီဖို့၊ ဒေသခံတွေ နစ်နာမှုအပေါ်အကောင်းဆုံးဖြေရှင်းနိုင်ဖို့ ယုံကြည်တယ်။ ဒေသခံတွေအနေနဲ့ ဒီအပေါ်မှာ မိမိဆုံးရှုံးနစ်နာမှုထက်ပိုတဲ့ဟာတွေ မဖြစ်ဖို့လည်း လိုအပ်တယ်''လို့ ဒီဗွီဘီကို မှတ်ချက်ပြုပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ကန်ဘောက်ဓာတ်အားပေးစက်ရုံကထွက်ရှိတဲ့ ဓာတ်အားကို နိုင်ငံတော်လျှပ်စစ်ကွန်ယက်အတွင်းသို့ ၁၂၃၀ မဂ္ဂါဝပ် ရောင်းချပေးမှာဖြစ်ပြီး ဖြတ်သန်းရာ လမ်းတလျှောက် ဓာတ်အားတိုင် ၁၂၀၀ ခန့်ရှိမည်ဖြစ်ကာ အများဆုံးအဖြစ် မွန်ပြည်နယ်မှာ တိုင်ပေါင်း ၆၄၀ လောက် စိုက်ထူသွားဖို့ရှိနေပါတယ်။











