DVB Logo
Home
မြန်မာသတင်း
မြိတ် မိရိုးဖလာဓနိလုပ်ငန်း ဓနိတောတွေ ပြုန်းတီးလာ၍ ဒေသခံများ အလုပ်လက်မဲ့ဖြစ်နေ
DVB
·
May 13, 2018
မြိတ် မိရိုးဖလာဓနိလုပ်ငန်း ဓနိတောတွေ ပြုန်းတီးလာ၍ ဒေသခံများ အလုပ်လက်မဲ့ဖြစ်နေ
1 / 4
Donate to DVB

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ မိရိုးဖလာ ဓနိလုပ်ငန်းဟာ ဓနိတောတွေ ပြုန်းတီးလာတာကြောင့် ဒေသခံတွေ အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။

မြိတ်မြို့ပေါ်ရှိ ကလွင်ကျေးရွာနဲ့ မြိတ်တောင်ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က စတင်ပြီး အိမ်ယာမြေဖော်ထုတ်ရေးနဲ့ ကုမ္ပဏီစီမံကိန်းတွေ ၀င်ရောက်လုပ်ကိုင်လာပြီးနောက် ဓနိပင်တွေကို ခုတ်ထွင်ရှင်းလင်းတာတွေ ပြုလုပ်ရာမှ အပင်တွေပြုန်းတီးလာပြီး ဒေသခံတွေ မိရိုးဖလာအဖြစ် လုပ်ကိုင်နေတဲ့ ဓနိဖက်ထိုးလုပ်ငန်းတွေဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ် လာနေပြီး အလုပ်လက်မဲ့တွေ ဖြစ်ပေါ်နေတယ်လို့ ရွာသားတွေက ပြောဆိုပါတယ်။

မြိတ်မြို့နယ်ရှိ ရပ်ကွက်တချို့မှာ လူနေအိမ်နဲ့ မွေးမြူရေးခြံ လုပ်ငန်းအများစုမှာ ဓနိဖက်နဲ့ ပြုလုပ်ထားတဲ့ အမိုးအကာကို အများဆုံး အသုံးပြုတဲ့ အိမ်ဆောက်ပစ္စည်းတခုလည်း ဖြစ်ပါတယ်။

ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းကြီး ကျေးရွာမှာ အရင်က ဓနိဖက်ထိုးလုပ်ငန်းဟာ ကျေးရွာနေ ပြည်သူတွေ ရွာလုံးကျွတ်နီးပါး မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်တဲ့ လုပ်ငန်း ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ တရွာလုံးမှာ လုပ်ကိုင်သူတွေ အိမ်ခြေ ရာဂဏန်းလောက်သာ ကျန်တော့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အိမ်ယာမြေ ဖော်ထုတ်ရေး စီမံကိန်းနဲ့ ကုမ္ပဏီတွေ မ၀င်ရောက်ခင်က ရွာသားတွေဟာ ကိုယ်ပိုင်ဓနိတောတွေနဲ့ ကိုယ်ပိုင်ဓနိဖက်လုပ်ငန်းကို လုပ်ကိုင်ကြပေမယ့် အခုချိန်မှာတော့ ဓနိဖက်ထိုးလုပ်ငန်းကို ပုံးဆိုမြေနေရာတွေမှာ သွားရောက် ရှာဖွေခုတ်ယူပြီး လုပ်ကိုင်နေရ တယ်လို့ သိရပါတယ်။

ကုမ္ပဏီတွေက လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဒေသခံတွေဆီမှာ ဓနိတောမြေ တစ်ဧကကို ၅ သိန်းမှ ၁၀ သိန်းကျပ်အထိပေးပြီး ဧကပေါင်း ထောင်နဲ့ချီ သိမ်းကျုံး ၀ယ်ယူခဲ့ပြီးနောက် စီမံကိန်းလုပ်ငန်းတွေ စတင်အကောင်အထည်ဖော်ခဲ့ရာ လက်ရှိမှာ ဓနိတောတွေ ပြုန်းတီးလာတာ ဖြစ်ပါတယ်။

ဒေသခံ တချို့ကတော့ သူတို့ရဲ့ ဓနိတောမြေတွေကို ကုမ္ပဏီတွေက ၀ယ်ယူခဲ့စဉ်က စီမံကိန်းတွေ ဖြစ်ပေါ်လာတဲ့နောက်ပိုင်း ဒေသခံတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ရင်းနှီးမြှုပ်နှံတာတွေကို ထည့်သွင်းပေးမယ်လို့ မက်လုံးပေးကာ မြေယာတွေကို သိမ်းကျုံး ၀ယ်ယူခဲ့ကြတယ်လို့ ပြောဆိုပါတယ်။

အခုချိန်မှာတော့ ရွာသားတွေဟာ အရင်က ဓနိတောမြေဧက ဆယ်ဂဏန်းအထိ ပိုင်ဆိုင်တဲ့ သူတွေဟာ အလုပ်လက်မဲ့တွေ ဖြစ်နေပြီး ဓနိဖက်လုပ်ငန်းကိုပဲ ဦးတည်လုပ်နေတဲ့ အတွက် ပိုင်ရှင်မဲ့ ပုံးဆိုးမြေ ဓနိတောတွေမှာ ရေတတန် ကုန်းတတန်နဲ့ သွားရောက် ခုတ်ယူပြီး၊ ခက်ခက်ခဲခဲ လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။

မြိတ်မြို့ပေါ်ရှိ မြိတ်တောင်ကျေးရွာနဲ့ ကလွင်ကျေးရွာတွေမှာ ဓနိဖက်တွေ အများဆုံး ထွက်ရှိပေမယ့် လက်ရှိမှာ ဓနိပင်တွေ ပြုန်းတီးလာတာကြောင့် အိမ်အမိုး ဓနိဖက်ထိုးသူတွေ နည်းပါးလာပြီး အလုပ်လက်မဲ့တွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဓနိဖက်လုပ်ငန်းဟာ ကိုယ်ပိုင်ထိုးရောင်းပါက ဖက်တစ်ရွက်ကို ၄၀မှ ၅၀ကျပ် အထိ ရရှိပြီး အငှားထိုးပါက တစ်ရွက်ကို ၇ ကျပ်၇ရှိကာ၊ လူတဦး ဓနိဖက် တနေ့ကို အရွက် ၂၀၀မှ ၃၀၀ အကြားအထိ ထွက်ရှိတယ်လို့ သိရပါတယ်။

သတင်း - ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013