DVB Logo
Home
မြန်မာသတင်း
မြ၀တီနယ်စပ်တွင် နိုင်ငံတကာအဆင့်မီ MACCS စနစ် ကျင့်သုံးမည်
DVB
·
May 13, 2018
မြ၀တီနယ်စပ်တွင် နိုင်ငံတကာအဆင့်မီ MACCS စနစ် ကျင့်သုံးမည်
Donate to DVB

 

ဇွန် ၅ ရက်နေ့ကစပြီး မြ၀တီ နယ်စပ်ဒေသကနေ သွင်းကုန် ထုတ်ကုန် ဘယ်ပစ္စည်းမဆို နိုင်ငံတကာအဆင့်မီ Myanmar Automated Cargo Clearance System(MACCS) စနစ်ကို ကျင့်သုံးပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ကရင်ပြည်နယ် အကောက်ခွန် ဦးစီး ဌာနမှူးက ပြောပါတယ်။

မေ ၁၂ ရက် နေ့လယ် ၂ နာရီက ဘားအံမြို့၊ သီရီဘားအံ ဟိုတယ်မှာပြုလုပ်တဲ့ မြ၀တီ နယ်စပ်ဒေသမှာ ၂၀၁၈ ခုနှစ်၊ ဇွန်လကစတင်ပြီး အသုံးပြုဆောင်ရွက်မယ့် မြန်မာကုန်ပစ္စည်းများ အလိုအလျောက် ထုတ်ယူခွင့်စနစ် (Myanmar Aut omated Cargo Clearance System (MACC S) နဲ့ ပတ်သက်တဲ့ အကြောင်းအရာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မြ၀တီနယ်စပ်ဒေသမှာ နိုင်ငံတကာအဆင့်မီ MACCS စနစ်ကို ကျင့်သုံး ဆောင်ရွက်ခြင်း အားဖြင့် သွင်းကုန်ထုတ်ကုန် လျင်မြန်ချောမွေ့ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးတက် လာမယ်လို့ ကရင်ပြည်နယ်အကောက်ခွန် ဦးစီးဌာနမှူး ဦးဝင်းသန့် က ပြောပါတယ်။

“MACCS စနစ်က ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်တွေ မှားစရာအကြောင်း မရှိတော့ဘူး။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ကျနော်တို့ ပိုပြီးတော့ ဖိတ်ခေါ်နိုင်မယ်။ ဒီ လိုကောင်မွန်တဲ့ System တွေရှိနေရင် ရင်းနှီးမြှုပ်နှံမှုလာတဲ့ လူတွေကလည်း ဒီလိုနိုင်ငံမျိုးတွေ ကိုပဲ လာချင်ကြတယ်။ ကိုယ်နိုင်ငံက ဒါတွေကို အကောင်အထည်ဖော်နိုင်ခြင်းအားဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်းပဲ ပိုပြီးဆွဲဆောင်နိုင်တဲ့ အခွင့်အလမ်းတစ်ခု တိုးတက်လာ နိုင်တယ်” လို့ ပြောပါတယ်။

ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံတကာထောက်ပံ့ ကူညီပေးရေးအဖွဲ့ Mr.Michihito Kojima က “မြန်မာနိုင်ငံတိုးတက်ရေးအတွက် ဆက်လက်ပြီးတော့ ကူညီပံ့ပိုးမှု တွေ ဆောင်ရွက်သွားချင်သလို ဒီလိုလုပ်လို့ရတဲ့ အခွင့်အရေးတွေကိုအသုံးချပြီးတော့ နောက်ထပ် တနိုင်ငံလုံးတိုးချဲ့ရေးအတွက် လိုက်လံလုပ်ဆောင်ချင်တာဖြစ်တဲ့ အတွက်ကြောင့် ဆက်လက်ပြီးတော့ ပုဂ္ဂလိကတွေက ဒီထက်မက MACCS ကို နားလည် သဘောပေါက်လာ ပြီးတော့ အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး သုံးစွဲတာမျိုးတွေ ဖြစ်သွားမယ်ဆိုရင် ပိုပြီးကောင်းပါတယ်။ဖြစ်ပါစေလို့ဆု တောင်းနေပါတယ် ”လို့ ပြောပါတယ်။

MACCS စနစ်ကို ပထမဆုံး ရန်ကုန်မြို့ရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနဲ့ မြို့ဧရိယာတစ်ခုလုံးမှာ ပြောင်းလဲကျင့်သုံးခဲ့ပြီး ကရင်ပြည်နယ် မြ၀တီနယ်စပ်ဒေသမှာ ဒုတိယ ပြောင်းလဲကျင့်သုံးတာဖြစ်သလို ကျန်နယ်စပ်ဒေသတွေပါ ကျင့်သုံးနိုင်အောင် ​ဆောင်ရွက် သွားမှာပါ။

MACCS စနစ်ကို ကျင့်သုံးခြင်းအားဖြင့် သွင်းကုန်ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းစဉ် တွေ ပိုမိုသွက်လက်မှန်ကန်မြန် ဆန်စေဖို့၊ နိုင်ငံတကာ အကောက်ခွန် လုပ်ထုံး လုပ်နည်းတွေနဲ့ အညီဖြစ်စေဖို့၊ အချိန်၊ ငွေကြေးသုံးစွဲရမှုတွေ လျော့ကျလာပြီး ကြိုတင်မျှော်မှန်း ဆောင်ရွက် လာနိုင်စေဖို့၊ နိုင်ငံတကာစံ လုပ်ထုံးတစ်ခုဖြစ်တဲ့ Risk Management စနစ်ကို နည်းလမ်းတကျ အသုံးပြုနိုင်ဖို့၊ ကုန်သွယ်မှု လွယ်ကူချောမွေ့ စေခြင်းမှတဆင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကို ပိုမိုဖိတ်ခေါ် လာနိုင်စေဖို့နဲ့ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တဖက်တလမ်းက အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တာပါ။

MACCS စနစ် ကျင့်သုံးနိုင်ဖို့ ဂျပန်နိုင်ငံရဲ့ကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ နဲ့ နည်းပညာအကူအညီ တွေရယူပြီး ဆောင်ရွက်နေတာပါ။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ မြ၀တီနယ်စပ်​​ဒေသကနေ နိုင်ငံတော်က အခွန်​​​ကောက်​ခံဖို့ လျာထားသတ်မှတ်ငွေ ကျပ် သန်းပေါင်း ၁၉ ဘီလီယံ သတ်မှတ်ထားပေမယ့် ကျပ်သန်း ပေါင်း ၃၃ ဘီလီယံအထိ ကောက်ခံရရှိခဲ့တယ်လို့ တာဝန်ရှိ သူက ပြောပါတယ်။

 

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013