DVB Logo
Home
မြန်မာသတင်း
သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဥပဒေအချို့ကို ပြင်ဆင်ဖျက်သိမ်းရန် သုံးသပ်နေ
DVB
·
May 12, 2018
သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဥပဒေအချို့ကို ပြင်ဆင်ဖျက်သိမ်းရန် သုံးသပ်နေ
Donate to DVB

သတင်းမီဒီယာလွတ်လပ်ခွင့်ကို အဟန့်အတားပြုနေတဲ့ ဥပဒေတချို့ကို ပြင်ဆင်ဖျက်သိမ်းဖို့ သုံးသပ်နေတယ်လို့ ပြန်ကြားရေးက ပြောပါတယ်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာ မေလ ၁၁ ရက်နေ့က ပြုလုပ်တဲ့ အစိုးရရဲ့ ဒုတိယ ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက ပြောတာပါ။

သတင်းမီဒီယာလွတ်လပ်မှုကို အဟန့်အတားပြုနေတဲ့ ဥပဒေတချို့ရှိနေပြီး ဒီဥပဒေတွေဟာ အခုမှ ပေါ်လာတာမဟုတ်ဘဲ လွန်ခဲ့တဲ့ ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းခဲ့တာတွေဖြစ်တယ်လို့ ဆိုပါတယ်။

“ဥပမာပြောရရင် Unlawful Association Act၊ Official Secret Act တွေ ရှိပါတယ်။ အဲဒီဥပဒေတွေကို သုံးသပ်နေပါတယ်။ သူ့ကို ပြင်ဆင်သင့်တာကို ပြင်ဆင်မယ်။ ဖျက်သိမ်းသင့်တာကို ဖျက်သိမ်းမယ်။ အရင်တုန်းက အရေးပေါ်စီမံမှုဥပဒေဆိုတာရှိတယ်။ အဲဒါမျိုးဆို မရှိတော့ဘူး။ ဖျက်သိမ်းလိုက်ပြီ” လို့ ဦးအောင်လှထွန်းက ပြောပါတယ်။

တပြိုင်တည်းမှာပဲ အသစ်ရေးဆွဲဖို့ လိုအပ်တဲ့ ဥပဒေတွေကိုလည်း ရေးဆွဲနေတယ်လို့ ဆိုပါတယ်။

“ဥပမာပြောရရင် Right to Information Law၊ Cyber Law လည်း ဆွဲနေတုန်းပဲ ရှိပါတယ်။ Hate Speech နဲ့ ပတ်သက်တဲ့ဟာလည်း ရေးဆွဲနေပါတယ်။ ပြင်ဆင်ဖို့ လုပ်နေတဲ့ ဥပဒေတွေလည်း အများကြီးရှိပါတယ်။ ဥပမာ ပြောရရင် သတင်းမီဒီယာဥပဒေပေါ့၊ သူဆိုရင် သက်တမ်းအားဖြင့် သုံးနှစ်လောက်ပဲ ရှိပါသေးတယ်။ သက်တမ်း သုံးနှစ်ပဲ ရှိရှိ၊ တစ်နှစ်ပဲ ရှိရှိ ပြောင်းလဲနေတဲ့ ခေတ်ကာလနဲ့ မဆီလျော်ရင် သုံးသပ်ပြီးတော့ ပြင်ဆင်ရမှာဖြစ်ပါတယ်။ အဲဥပဒေတွေ အားလုံးကို ပြင်ဆင်ပြီးတဲ့အခါမှာ ပိုပြီးတော့ လွတ်လပ်ခွင့်ကို ခံစားရမှာဖြစ်ပါတယ်” လို့ ဒုတိယ၀န်ကြီးက ပြောပါတယ်။

ဒုဝန်ကြီးအနေနဲ့ မနေ့က သူ့ရဲ့ Facebook စာမျက်နှာကတဆင့် ပဋိပက္ခဖြစ်တဲ့ ဒေသတွေကို သတင်းမီဒီယာ တွေသွားရောက် သတင်းယူခွင့်ပြုတာနဲ့ ပတ်သက်ပြီး ရှင်းပြတာမှာ ပဋိပက္ခကို ဓာတ်ဆီလောင်းပေးမယ့် သတင်းဌာနမျိုးကို မရွေးမိစေဖို့လည်း သိပ်သတိထားရမှာဖြစ်သလို peace journalism ကို ကျင့်သုံးတဲ့သူကို ဦးစားပေးရမယ်လို့ ရေးသားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013