DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း လေပြင်းတိုက်ခတ်ပြီး လူနေအိမ် ၁၀၀၀ ကျော် ပျက်စီး
DVB
·
May 11, 2018
စစ်ကိုင်းတိုင်းအတွင်း လေပြင်းတိုက်ခတ်ပြီး လူနေအိမ် ၁၀၀၀ ကျော် ပျက်စီး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၅ မြို့နယ်လောက်မှာ  မေလ ၉ ရက် ညနေပိုင်းက နာရီဝက်ကျော်ကြာတိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် လူနေအိမ် ၁၀၀၀ ကျော် လေဘေးဒဏ်ခံစားခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း ကနီ၊ တန့်ဆည်၊ ရွှေဘို၊ ဒီပဲယင်း၊ မင်းကင်း၊ ကလေး၊ ဖောင်းပြင်၊ ကလေးဝ၊ ကန့်ဘလူ၊ ရေဦး၊ ခင်ဦး၊ ဘုတလင်၊ ကသာ၊ ဗန်းမောက်၊ တမူး စတဲ့မြို့နယ်တွေမှာ မိုးသက်လေပြင်းဒဏ် ခံစားခဲ့ရပြီး အချို့နေရာတွေမှာ မိုးသီးကြွေကျတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

မိုးသက်လေပြင်းကြောင့် အဆိုပါမြို့နယ်တွေမှာ လူနေအိမ် ၁၁၃၀ ကျော် အမိုးလန် ပျက်စီးခဲ့ပြီး အိမ်၂၅ လုံးလောက် ပြိုကျပျက်စီးခဲ့ကာ သစ်ပင်လဲပြိုတာ၊ သစ်ကိုင်းကျိုးကျတာ၊ လျှပ်စစ်မီးတိုင် ကျိုးကျပြီး ဓာတ်အားပြတ်တောက်တာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ဗန်းမောက်၊ အင်းတော် စတဲ့မြို့နယ်တွေမှာလည်း လေဘေးကြောင့် ပျက်စီးတာတွေ ရှိခဲ့ပြီး ကန့်ဘလူမြို့နယ်ကတော့ အပျက်အစီး အများဆုံးဖြစ်ခဲ့ကာ နေအိမ် ၄၁၁ လုံး အမိုးလန်ခဲ့ကာ ၄ လုံး ပြိုကျခဲ့ပါတယ်။

လက်ရှိမှာ လေဘေးဒဏ်သင့်ပြည်သူတွေကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ငွေကျပ်သိန်းပေါင်း ၂၇၅ သိန်းကျော် ထောက်ပံ့ထားပြီး ကျန်နေသေးတဲ့ မြို့နယ်တွေကိုလည်း အမြန်ဆုံးထောက်ပံ့နိုင်အောင် လုပ်ဆောင်နေပါတယ်။

လေဘေးသင့်ကျေးရွာတွေကိုတော့ တိုင်းအစိုးရ တာဝန်ရှိသူတွေ သွားရောက် ကူညီကယ်ဆယ် ထောက်ပံ့ပေးတာတွေ လုပ်ဆောင်နေပေမယ့် ရေရှည်မှာ သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် အမြန်ဆုံး လုပ်ဆောင်သင့်ပြီလို့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတဦးက ပြောပါတယ်။

“လေတိုက်လိုက်၊ ရေကြီးလိုက်၊ ပျက်စီးသွားလိုက်၊ တခါ အစိုးရက ထောက်ပံ့ကြေး ပေးလိုက်နဲ့ သံသရာလည်နေတယ်။ တိုင်းပြည် တည်ဆောက်ရေးအတွက် သုံးရမယ့်ငွေတွေက သဘာဝဘေးဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးအတွက်ပဲ သုံးနေရမယ်ဆိုရင် ဘယ်လိုလုပ် တိုးတက်တော့မလဲ။ သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် နည်းလမ်းတွေ စဉ်းစားပြီး အမြန်ဆုံး အကောင်အထည်ဖော်ရတော့မယ်။ သစ်တောတွေ ထိန်းသိမ်းတာ၊ သစ်ပင်စိုက်တာတွေကို ပေါ်ပင်ပါးစပ်ပြောတင် မဟုတ် လက်တွေ့ အရှိန်အဟုန်မြှင့်ရတော့မယ်။ ကြာလာရင် ဒီထက်မက ဆိုးဖို့ပဲ ကျန်တော့တယ်။”

စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ဧပြီလကလည်း လေပြင်းတိုက်ခတ်မှု ၃၇ ကြိမ်ထိ ဖြစ်ပေါ်ခဲ့ပြီး  ငွေကျပ်သိန်း ၈၀၀ ကျော် အစိုးရက ထောက်ပံ့ပေးခဲ့ရပါသေးတယ်။

ယင်းမာပင်၊ ကန့်ဘလူ စတဲ့မြို့နယ်တွေက အများဆုံးပျက်စီးမှုဖြစ်ပေါ်ခဲ့ကာ နေအိမ် အဆောက်အဦပေါင်း ၁၈၉၁ လောက် လေဘေးဒဏ်သင့်ခဲ့ပြီး ၇၂ အိမ် လုံးဝပျက်စီးခဲ့ပါတယ်။

ဘုန်းကြီးကျောင်း အပါအဝင် ဘာသာရေး အဆောက်အအုံ ၃၂ ခုလည်း လေဘေး ဒဏ်ခံစားခဲ့ရတဲ့အပြင် လေပြင်းတိုက်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013