DVB Logo
Home
Lead Story
ရခိုင့်အရေး တစေ့တစောင်း လေ့လာသုံးသပ်ချက်
DVB
·
May 11, 2018
ရခိုင့်အရေး တစေ့တစောင်း လေ့လာသုံးသပ်ချက်
Donate to DVB

ရခိုင့်နိုင်ငံရေးကို လေ့လာသုံးသပ်ကြည့်ရင် ရခိုင်ပြည်နယ် လွှတ်တော်နှင့် ရခိုင်ပြည်နယ် အစိုးရတို့ ဆက်ဆံရေးဟာ တစောင်းစေးနှင့် မျက်ချေးလို ဖြစ်နေတာကို လေ့လာသူတိုင်း သဘောပေါက်မိမှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ ဥပဒေအတိုင်း သမ္မတကနေ ပြည်နယ်ဝန်ကြီးချုပ်ကို တိုက်ရိုက်ခန့်အပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အနေအထားနှင့် အန်အယ်ဒီအစိုးရဟာ ရခိုင်ပြည်မှာ မိမိတို့ပါတီက ဗဟိုကော်မတီအဖွဲ့ဝင်တဦးကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ လက်တွေ့မှာ ရခိုင်ပြည်မှာရော၊ ရခိုင်ပြည်နယ်လွှတ်တော်မှာပါ အမတ်အများဆုံး ရရှိထားတာက ရခိုင်အမျိုးသားပါတီ ဖြစ်ပါတယ်။

ဒီပါတီနှစ်ခုရဲ့ စကတည်းက အံချော်ခဲ့တဲ့ ပြိုင်ဆိုင်မှုတွေဟာ ခုချိန်မှာ အက်ကွဲကြောင်းကြီးတခု ဖြစ်လာခဲ့ပါတယ်။ ဘင်္ဂါလီကိစ္စတွေ၊ ဒုက္ခသည်ကိစ္စတွေ၊ နောက် ဘတ်ဂျက်ကိစ္စတွေဟာ ခုချိန်ထိ ပါတီနှစ်ခုရဲ့ အားပြိုင်မှုထဲမှာ မြေစာပင်တွေလို ဖြစ်နေကြရပါတယ်။ အဆိုးဆုံးကတော့ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဒေသတခုလည်းဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ နှစ်စဉ်လိုလို ပြည်ထောင်စုကို ငွေပြန်အပ်နေရတဲ့ကိစ္စဟာ စိတ်ပျက်စရာပါ။ အရင်နှစ်ကလည်း ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ပြန်လည်မွမ်းမံဖို့ဆိုပြီး ရခိုင်ပြည်နယ်အစိုးရက လွှတ်တော်မှာ တောင်းဆိုခဲ့တဲ့ ဘတ်ဂျက်ဟာ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ပြည်ထောင်စုကို ငွေသိန်းပေါင်း ၅ ထောင်ကျော် ပြန်အပ်ခဲ့ရပါတယ်။

ခုလည်းပဲ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဘတ်ဂျက်ထဲက ငွေ ၆ ဘီလီယံကျော်ကို ရခိုင်ပြည်နယ်လွှတ်တော်က ဖြတ်တောက်လိုက်ပါတယ်။ အကြောင်းပြချက်ကတော့ အစိုးရအဖွဲ့က ညှိနှိုင်းဆွေးနွေးမှုကို လက်မခံဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်ပါဆိုလို့ လွှတ်တော်က ဥပဒေနှင့်အညီ ဆောင်ရွက်လိုက်တာဖြစ်တဲ့အကြောင်း၊ ပါတီစွဲ၊ လူမျိုးစွဲ မပါကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောဆိုထားပါတယ်။

ဘယ်လိုပဲဆိုစေ ပိုရင် ပြည်ထောင်စုဘဏ္ဍာထဲကို ပြန်ရောက်သွားမှာပါပဲ။ ဒီလိုပြန်ရောက်သွားရင်ကော ရခိုင်ပြည်သူအတွက် အကျိုးဖြစ်ထွန်းရဲ့လား။ ဒါတွေကို သုံးသပ်ကြည့်ရင် ချက်ပြီးသား ထမင်းအိုးကို မိဘတွေ ပြဿနာဖြစ်လို့ ကန်ထုတ်လိုက်တဲ့အခါ သားသမီးတွေ ငတ်ကိန်းဆိုက်သွားသလိုပါ။ တိုင်းပြည်အတွက်ထက် မိမိတို့ရဲ့ အတိမာနစိတ်ကို အားပြိုင်နေတယ်လို့ပဲ ခပ်ရဲရဲ စောကြောမိပါတယ်။

ဒီလိုအကျိုးဆက်တွေကြောင့် မောင်တောပြဿနာတွေကို အဖြေရှာတဲ့အခါမှာ အစိုးရက ဒေသန္တရကို မကျွမ်းကျင်သော်လည်း ဒေသခံပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီကို အဖက်မလုပ်တော့ပါဘူး။ ယုံကြည်မှုတွေ ပျက်နေကြတဲ့အတွက်လည်း ရခိုင်အမျိုးသားပါတီက အရေးတကြီးအဆို တင်သွင်းရင် အန်အယ်လ်ဒီပါတီက လူကလည်း ဒါဟာ နိုင်ငံရေးအမြတ်ထုတ်တာပဲလို့ အမြင်ရှိသွားပါတော့တယ်။

ဒါကြောင့် တကယ်တမ်း ဒေသအတွက် စိုးရိမ်တကြီးနှင့် တင်သွင်းတဲ့ အဆိုအပေါ်မှာ အစိုးရက သံသယနှင့် ကြည့်သွားပြီး လုပ်ပေးစရာရှိတာတောင် မိမိတို့ကိုယ်တိုင်ပဲ သွားလုပ်ပါတော့တယ်။ သို့သော် တရုတ်စစ်ပညာရှင် ဆွန်ဇူး ပြောသလို မြေပြင်ကိုပိုင်မှ စစ်ကိုနိုင်မှာပါ။ ဒေသန္တရကို မကျွမ်းကျင်တဲ့ အစိုးရအနေနှင့် ဒေသန္တရ ကျွမ်းကျင်တဲ့ ရခိုင်အမျိုးသားပါတီကို ပစ်ပယ်ထားသရွေ့၊ ပူးပေါင်းဆောင်ရွက်မှုမရှိသရွေ့ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့ နယ်စပ်ရေးရာပြဿနာတွေဟာ မငြိမ်းချမ်းနိုင်သေးပါ။

ဒီိလို တရားဥပဒေမစိုးမိုးမှုကို အခြေခံပြီးတော့လည်း မူးယစ်ဆေးဝါးလုပ်ငန်းတွေက ရှိနေဦးမှာ ဖြစ်ပါတယ်။ မောင်တော၊ ဘူးသီးတောင်ဘက်မှာ တာဝန်ကျတဲ့ ရဲတွေ၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေတချို့လည်း ဒီလို မူးယစ်ကယ်ရီလမ်းကြောင်းမှာ အခါတော်ပေး ဖြစ်နေကြတုန်းပါပဲ။ ကယ်ဆယ်ရေးလမ်းကြောင်းကို မှီပြီး တိုင်းရင်းသား လက်နက်ကိုင်ကို အားပေးတဲ့ ဘက်တော်သားတွေ၊ ပါဝါရှိတဲ့ ဘုန်းတော်ကြီးတချို့ရဲ့ တပည့် ကိုယ်တော်တွေကလည်း ဒီလမ်းကြောင်းကို အထောက်အကူပြုပေးနေဆဲပါ။

တချို့ သတင်းရင်းမြစ်တွေအရ ကျောင်းမှာရှိတဲ့ ကိုရင်ငယ်လေးတွေကိုတောင် ဒီအစိချေ (ခေါ်) စိတ်ကြွဆေးပြားတွေကို ဝိုင်းပြီး ပါဆယ်ထုပ်ခိုင်းတာတို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး လွတ်တဲ့သူက လွတ်နေတဲ့ မူးယစ်ပြဿနာတွေကို အရင်းစစ်ကြည့်လိုက်ရင်လည်း ရဲတပ်ဖွဲ့ဝင်၊ စစ်ဘက်ဆိုင်ရာတွေမှာ တာဝန်ရှိသလို ဒါတွေကို လျစ်လျူရှုပြီး မိမိတို့ပါတီကိုသာ အလှူရှင်လို ပြည်သူမြင်စေ၊ ကရုဏာရှင်လို ပြည်သူမြင်စေ၊ ထမင်းငတ်ရင် ဟိုက ဒီက ပို့တဲ့ ပိုက်ဆံနှင့် သွားလှူပြမယ်၊ မျက်ရည်ကျနေတဲ့သူတွေနှင့် ဓာတ်ပုံရိုက်ပြမယ်ဆိုတဲ့ ပေါ်ပင်နိုင်ငံရေးသမားတွေ စားခွက်လုနေတာနှင့်လည်း အများကြီး ဆိုင်တယ်လို့ ယူဆပါတယ်။

သူတို့က ပြည်သူ့အရေးကို ကြည့်ရှုရမယ့်အစား အချင်းချင်း ပြဿနာတွေ တက်နေကြတော့ ရခိုင်ပြည်နယ်အစိုးရရုံးနှင့် သုံးဘီးဆိုင်ကယ် ၂၀၀ ဖိုးစီးရင် ရောက်တဲ့နေရာမှာကို ရခိုင်ပြည်ရဲ့အနာဂတ် ကလေးငယ်တွေဟာ ဆိပ်ကမ်းမှာ အထုပ်အပိုးတွေကို မနိုင်မနင်း ထမ်းနေကြရပါတယ်။ နိုင်ငံရေးသမား မရှိရင် အာဏာရှင် သက်ဆိုးရှည်သလို တလွဲနိုင်ငံရေးသမားတွေ များရင်လည်း ပြည်သူတွေ ဒုက္ခတာရှည်ပါတယ်။

နောက် ပညာရေးကိစ္စပါ။ ပညာရေးကိစ္စကတော့ ဆယ်တန်းမှာ ခိုးမချရဆိုတဲ့မူနဲ့ စစ်ဆေးပါတယ်။ တချို့လည်း အမျိုးသမီးလေးတွေရဲ့ ဓမ္မတာကိစ္စတွေကြောင့် အတွင်းခံဘောင်းဘီကို စစ်တာမကြိုက်ဘူးဆိုပြီး အသံတွေ ထွက်ခဲ့ပါတယ်။ တကယ်တမ်း အနေအထားမှာတော့ ဆယ်တန်းကို အပျော်တမ်း ဖြေနေကြတဲ့သူတွေ ထက်ဝက်လောက်ကို ရှိပါတယ်။

သူတို့ဟာ ကျူရှင်လည်းမယူ၊ စာလည်းမကျက်ဘဲ ဝင်ဖြေနေကြပါတယ်။ သူတို့ရဲ့ မျှော်လင့်ချက်ကတော့ ခိုးချမှုပါပဲ။ တနှစ်မှာ တဘာသာ၊ နှစ်ဘာသာ ခိုးချလိုက်ရရင် ဘာစာမှမဖတ်ဘဲလည်း ဖြေလို့ရနိုင်သားပဲဆိုတဲ့ စိတ်ဝင်သွားပြီး ဒီအခွင့်အရေးကို လိုလို့ကို ဖြေနေကြတာပါ။ နောက်ပြီး တကယ်တမ်းလည်း ပညာရေးပွဲစားတန်း ရှိပါတယ်။ အခန်းထဲထိ ဆရာ၊ ဆရာမကို ကူးချစာကို ယူပေးရရင် တဘာသာကို တသိန်း။ ပါတဲ့ထဲက ၂၅ မှတ်ဖိုးကို ဖြေပြီးသား ပါလာရင် ၂ သိန်း၊ သာမန်ကူးချခွင့် ကိုယ့်သဘောနှင့်ယူလာတာကို ဖြေခွင့်ဆိုရင် ၇ သောင်း စတဲ့ ဈေးနှုန်းအစားစား ရှိခဲ့တာ။ စာမေးပွဲစစ်ပြီးရင် ကျောင်းအနီးတဝိုက်မှာ ကူးချစာတွေကို ဖြန့်ပြီးထားခဲ့တာ၊ ခြေ၊ လက်၊ ခေါင်း၊ ပုဆိုး၊ ထဘီတွေမှာ သီးသန့်ချုပ်ပြီး ယူလာတာ၊ အတွင်းခံအင်္ကျီ၊ အတွင်းခံဘောင်းဘီတွေမှာ ထည့်ယူလာတာ စတဲ့ အကြောင်းတရားတွေကြောင့်လည်း ဘောင်းဘီကို စစ်တာတို့ ဖြစ်ခဲ့တာပါ။

တကယ်တမ်း စစ်ဆင်ရေးတခုလိုလုပ်ရင် ဒါတွေဟာ ဆရာနှင့်တပည့် ကိစ္စတွေပါ။ ဒီလိုစစ်တယ်ဆိုတာ စစ်ရလောက်တဲ့ အကြောင်းတရားရှိခဲ့လို့ပါ။ ဒါပေမယ့် စစ်မှန်တဲ့အဖြေ မဟုတ်ပါဘူး။ စာမေးပွဲမဖြေခင်ကတည်းက ကြပ်မတ်ပြီး သင်ကြားပေးတာတို့၊ တကယ်တမ်း ကျောင်းပြင်ပက ဖြေမယ့်သူတွေ၊ ကျူရှင်မယူတဲ့သူတွေက အစိုးရက စီစဉ်ပြီး သူတို့ကို စာမေးပွဲမဖြေခင် ၅ လအလိုကဖြစ်စေ၊ ၆ လကဖြစ်စေ ဘာသာရပ် ဆရာ၊ ဆရာမတွေ စီစဉ်ပေးပြီး အခမဲ့ စနစ်တကျ သင်ကြားပေးစေတာမျိုး၊ ကျောင်းပျက်ချိန်များရင် စာမေးပွဲဖြေခွင့်မရှိ ဆိုတဲ့ သတိပေးမှုမျိုးတွေ လုပ်လာရင်တော့ ဒီထက် ပိုကောင်းလာမှာပါ။

ခိုးချစာပြဿနာကတော့ ဒီအတိုင်း ဆက်သွားနေရင်လည်း တဖြည်းဖြည်းတော့ နည်းလာမှာပါ။ တခုရှိတာကတော့ ခိုးချစာတွေ၊ စာအုပ်လိုက်ကို ပုံတူကူးထားတာတွေကတော့ စစ်တွေအဆင့်ကနေ မလာပါဘူး။ ရန်ကုန်လို မြို့ကြီးတွေကသာ လာတာပါ။ ရင်းမြစ်ကို မိဖို့လိုပါတယ်။

မြေယာပြဿနာ။ မြေယာပြဿနာမှာ တာဝန်ရှိတာကတော့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေနှင့်လည်း အများကြီး ဆိုင်ပါတယ်။ သူတို့ စိတ်ဝင်စားမှုရှိဖို့ လိုပါတယ်။ ခုက ပြည်သူတွေက မဲလည်း ထည့်ထားရသေးတယ်။ ပြဿနာ အတော်များများကိုလည်း ကိုယ်တိုင် ဖြေရှင်းနေကြရသလို ဖြစ်နေပါတယ်။ တချို့အမတ်တွေဆိုရင် မြေယာပြဿနာတွေနှင့်ပတ်သက်ရင် မကင်းရာ မကင်းရာတွေ ဖြစ်နေတဲ့သူတွေ ဖြစ်တာကြောင့် လွှဲရှောင်နေသလို၊ ဘောလီဘော ပုတ်သလို ဖြစ်နေကြရပါတယ်။

ဒီနယ်မြေက မြေယာပြဿနာဟာ ဒီနယ်မြေခံအမတ် သိကိုသိသင့်ပါတယ်။ ရခိုင်ပြည်မှာက တပ်မတော်က သိမ်းထားတဲ့ လယ်ယာမြေနှင့် ကုမ္ပဏီက သိမ်းထားတဲ့ လယ်ယာမြေကို ဖယ်လိုက်ရင် ဒေသခံတွေပိုင်တဲ့ လယ်ယာမြေတွေဟာ ၄၀ ရာခိုင်နှုန်းတောင် မရှိတော့ပါဘူး။ ဒါတွေဟာလည်း ရခိုင်ပြည်သူတွေ အများစု နေရပ်စွန့်ခွာစေတဲ့ ကိစ္စရပ်ထဲက တခု ဖြစ်ပါတယ်။

စာပေ။ ဒီနှစ်အတွင်းမှာ အစိုးရက တာဝန်ယူထုတ်နေတဲ့ ဂျာနယ်တစောင် ရပ်ဆိုင်းသွားပါတယ်။ ရခိုင်ဂေဇက်ပါ။ ပထမ ရပ်နားသွားတဲ့ကိစ္စကတော့ စည်ပင်ဝန်ကြီးဦးမင်းအောင် (အခု ပြုတ်သွားတဲ့ ဝန်ကြီး) က တာဝန်ယူခဲ့ပါတယ်။ ဒီသတင်းစာကလည်း သတင်းထောက်တွေနှင့် ပါတီကလူတွေ အဖုအထစ် ဖြစ်တယ်ဆိုပြီး အသံထွက်ပြီးတဲ့နောက်မှာ သတင်းသမားတွေလည်း အလုပ်က ထွက်လိုက်ကြပါတယ်။ ဝန်ကြီးတာဝန်က ဦးမင်းအောင် ရပ်စဲပြီးချိန်မှာတော့ ရပ်နားသွားပါတယ်။ ခုတော့ ပြန်ထုတ်ဝေမယ် ဆိုတဲ့ သတင်းတွေတော့ ကြားနေရပါတယ်။

နောက်တစောင်ကတော့ မြန်မာ့အလင်းသတင်းစာမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ရခိုင်လို စာမျက်နှာလေးမျက်နှာ ရေးခွင့်ရတဲ့ ရွှေပြည်ရခိုင်စာစောင်ပါ။ ဒါက တိုင်းရင်းသားဘာသာဗေဒ တိုးတက်ဖို့အတွက် ဒေသတိုင်းမှာ လုပ်နေကြတဲ့ပုံစံပါ။ သို့သော်လည်း ပထမကိုင်တဲ့ စာရေးဆရာ ဗဂျီးကျော်၊ လေးဝတီထွန်းစောခိုင်တို့က စကတည်းက code of condect ကိုပြောပြီး ပုံမှန်အတိုင်း သွားနေခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလထဲမှာပဲ မထင်မှတ်ဘဲ သူတို့ အဖြုတ်ခံလိုက်ရပါတယ်။ သူတို့ကိုယ်တိုင်လည်း မသိလိုက်ဘူးလို့ သတင်းရပါတယ်။ ဒါဟာလည်း လက်ရှိ ပြည်နယ်အစိုးရရဲ့ စာပေသမားတွေကို မလေးမစား ပြုမူလိုက်တဲ့လုပ်ရပ် ဖြစ်ပါတယ်။

တလောကလည်း နိုင်ငံတကာ သတင်းထောက်တွေက ကုလသမဂ္ဂက လူတွေနှင့် ပါလာတော့ စစ်တွေလေဆိပ်မှာ စစ်တွေအခြေစိုက် သတင်းသမားတွေကို (စစ်တွေအခြေစိုက်ဆိုပေမယ့် RFA, DVB စတဲ့ ဌာနတွေက သတင်းသမားတွေလည်း ပါပါတယ်။) သူတို့ကိုတော့ ခြံစည်းရိုးကာပြီး ဝင်ခွင့်မပေးပါဘူး။ ဒါဟာလည်း သတင်းသမားအချင်းချင်း ခွဲခြားဆက်ဆံလိုက်တဲ့ လုပ်ရပ်ပါပဲ။ ဒါတွေဟာလည်း ရခိုင်ပြည် အမှောင်ဖုံးစေတဲ့ ကိစ္စရပ်များထဲက တခုပါ။

ချုပ်ပြောရရင် ရခိုင်ပြည်ဟာ ရခိုင်နိုင်ငံရေးသမားတချို့ရဲ့ အတ္တနှင့် အန်အယ်လ်ဒီ ဘက်တော်သားတချို့ရဲ့ အားပြိုင်ပွဲမှာ ဖောင်စီးရင်း ရေငတ်နေကြရတဲ့ အနေအထားပါပဲ။ ဒါကိုပဲ အမျိုးသားအားမာန်နှင့် ရခိုင်လွှတ်တော်က လုပ်သမျှ မှန်တယ်လို့ ယူဆနေသူတွေလည်း ရှိပါသေးတယ်။

ကျော်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013