DVB Logo
Home
မြန်မာသတင်း
တရုတ်နှင့်ဂျပန်မီဒီယာအတွက်သာ ကချင်ခရီးစဉ်စီစဉ်ပေးသည့်ကိစ္စ ပြန်ကြားရေးတောင်းပန်
DVB
·
May 10, 2018
တရုတ်နှင့်ဂျပန်မီဒီယာအတွက်သာ ကချင်ခရီးစဉ်စီစဉ်ပေးသည့်ကိစ္စ ပြန်ကြားရေးတောင်းပန်
Donate to DVB

 

ကချင်ပြည်နယ် တိုက်ပွဲတွေကြောင့် ပြည်သူတွေ နေရပ်စွန့်ခွာနေရတဲ့ အခြေအနေတွေကို သတင်းယူဖို့ တရုတ်နဲ့ ဂျပန်မီဒီယာက သတင်းထောက်တွေအတွက်သာ စီစဉ်ပေးခဲ့တဲ့အပေါ် သတင်းမီဒီယာတွေအားလုံးကို တောင်းပန်ကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကချင်ပြည်နယ်ခရီးစဉ်ကို အချိန်နီးကပ်ပြီး စီစဉ်လိုက်ရ တဲ့အတွက် အခုလို လွဲချော်ခဲ့ရတဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သတင်း မီဒီယာတွေအားလုံး ပါဝင်နိုင်ဖို့ စနစ်တကျ စီစဉ်ပေးသွားမယ်လို့ ၀န်ကြီးက ဆိုပါတယ်။

“ကပ်ပြီးမှ စီစဉ်လိုက်ရပါတယ်။ အကန့်အသတ်တွေရှိသွားတာကို တောင်းပန်ပါတယ်။ ကြိုဆိုရမယ့် ခြေလှမ်းတစ်ခုလို့ သဘောထားပေးကြပါ။ တရုတ်က အိမ်နီးနားချင်းနိုင်ငံလေ။ ဒီကိစ္စကို ထဲထဲဝင်ဝင် သိရှိနားလည်ထားတဲ့ သဘောရှိတယ်။ ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင်ပါဝင်နေတယ်။ ဂျပန်ဆိုလည်း အဲဒီလိုပါပဲ။ ကျနော်တို့ ဒုက္ခတွေကို မျှဝေခံစားတဲ့ နိုင်ငံပါ”လို့ ဦးအောင်လှထွန်းက ပြောပါတယ်။

မြန်မာတိုင်းမ်သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးသီဟစောကတော့ အစိုးရအနေနဲ့ တိုင်းသူပြည်သားတွေအတွက် သတင်းထုတ်ပြန်ပေးတာမဟုတ်ဘဲ နိုင်ငံတကာကိုရောက်မယ့် သတင်းထုတ်ပြန်မှုတွေကို လုပ်နေသလိုမျိုးဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

“သတင်းသမားနေရာက ကြည့်မယ်ဆိုရင် ပြည်တွင်းကမီဒီယာတွေကလည်း သတင်း သမားပဲ။ တရုတ်နဲ့ ဂျပန်ကမှ သတင်းသမားမဟုတ်ဘူး။ သတင်းသမားတိုင်းက ညီတူညီမျှတဲ့ အခွင့်အရေးရသင့်တယ်။ သတင်းရယူခွင့်ကို ညီတူညီမျှရသင့်တယ်လို့ ယူဆတယ်” လို့ ဦးသီဟစောက ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အစီအစဉ်မှာ လုံခြုံရေးအရ သတင်းထောက်တွေသွားလို့ မလွယ်ကူတဲ့နေရာဖြစ်တဲ့ တနိုင်းမြို့နယ်က အောင်လော့ဒ်ကျေးရွာကို သွားရောက်မယ့် အစီအစဉ်လည်း ပါဝင်သလို ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ သီးသန့်တွေ့ဆုံလို့ရတဲ့ အစီအစဉ်တွေလည်း ပါဝင်နေပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ် မဆိုင်းမိုင်က ၀န်ကြီးချုပ် ဒေါက်တာ ခက်အောင် ဦးဆောင်တဲ့ ကချင်ပြည်နယ်အစိုးရရဲ့ သက်တမ်း နှစ်နှစ်ကျော် ကာလအတွင်းမှာ ပြည်နယ်အခြေစိုက်သတင်းမီဒီယာတွေနဲ့ တစ်ကြိမ်တည်းသာတွေ့ဆုံခဲ့သလို အဲဒီတွေ့ဆုံမှု ကလည်း မေးခွန်းမေးမြန်းဖို့ ငါးမိနစ်သာအချိန်ပေးခဲ့တယ်လို့ ပြောပါတယ်။

“ကချင်ပြည်နယ်မှာ ပြဿနာတွေအများကြီး။ ဒါပေမယ့်ဝန်ကြီးချုပ် တစ်ခါမှခေါ်တွေ့တာ။ တွေ့ခွင့်သွားတောင်းတာကို ခွင့်ပြုတာမကြုံခဲ့ရဘူး။ မနေ့ကမီဒီယာတွေနဲ့ တွေ့တယ်ဆိုတာ သူ့ဖေ့စ်ဘွတ်မှာတွေ့တော့ တော်တော်လေးအံ့သြသွားရတယ်။ ကချင်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ဂျာနယ်တစ်စောင်၊ ပြည်နယ်ကို ကိုယ်စားပြုတဲ့ ဂျာနယ်တစ်စောင်ကို သူမပြောဖူး၊ မဖြေဘူး၊ တွေ့ခွင့်မပေးဘူးဆိုတာက ကချင်ပြည်သူတွေ သူ့ကိုမဲပေးခဲ့တဲ့ ပြည်သူတွေကို မင်းတို့ဘာမှသိစရာမလိုပါဘူးကွာလို့ ပြောလိုက်တာနဲ့ အတူတူပဲ”လို့  အယ်ဒီတာချုပ် မဆိုင်းမိုင်ကပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စီစဉ်ပေးမှုနဲ့ ပြည်တွင်းအခြေစိုက် တရုတ်နဲ့ ဂျပန်မီဒီယာက သတင်းထောက်တွေနဲ့ အစိုးရပိုင်သတင်းဌာနကသတင်းထောက်တွေဟာ မေ ၉ ရက်က မြစ်ကြီးနားမြို့ကို ရောက်ရှိပြီး စစ်ဘေးရှောင်စခန်းတွေကို လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့ ၀န်ကြီးဌာနရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲဒီမီဒီယာအဖွဲ့ဟာ ဒီနေ့ မေ၁၀ရက်မှာ ပြည်တွင်းသတင်းထောက်တွေ သွားရောက်ဖို့ မလွယ်ကူတဲ့ တနိုင်းမြို့နယ်ထဲက အောင်လော့ဒ်ကျေးရွာကို အစိုးရရဲ့ စီစဉ်ပေးမှုနဲ့ သွားရောက်သတင်းယူနေပြီဖြစ်ပါတယ်။

သတင်း - ရဲမွန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013