
ကျောင်းပညာရေး အဆင့်တိုင်းမှာ မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေးစနစ်ကို အနိမ့်ဆုံး မူလတန်းအဆင့်ကနေ စတင်ပြီး အဆင့်အဆင့် အသုံးပြု သင်ကြားနိုင်ဖို့ လိုအပ်နေတာကြောင့် ပညာရေးဆိုင်ရာ မူဝါဒများစာတမ်း မိတ်ဆက်ပွဲကို တိုင်းရင်းသား လူမျိုးများရေးရာစင်တာကနေ ပြုလုပ်ခဲ့ပါတယ်။
‘မြန်မာနိုင်ငံ ပညာရေးမူဝါဒဆိုင်ရာ စဉ်းစားချက်များ’ဆိုတဲ့ စာအုပ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဖိုးစိန်လမ်းက Green Hill Hotel မှာ ပြုလုပ်ခဲ့တာပါ။
အဲဒီပွဲမှာ တိုင်းရင်းသား လူမျိုးများရေးရာစင်တာက အမှုဆောင်ဒါရိုက်တာ ဇိုသုန်းမှုန်က “မြန်မာနိုင်ငံမှာ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးတွေဟာ အခြေခံပညာရေးအဆင့်ဆင့်မှာ နားမလည်တဲ့ ဘာသာစကား၊ စာပေတွေနဲ့ သင်ကြားနေရတာကြောင့် စိန်ခေါ်မှုတွေ အများကြီးနဲ့ ကြုံတွေ့နေရတယ်” လို့ ပြောပါတယ်။
ပညာရေးဆိုင်ရာ မူဝါဒများ စာတမ်းကို တိုင်းရင်းသား လူမျိုးများရေးရာစင်တာကနေ ပြုစုလိုက်တာဖြစ်ပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာမှာ အခြေခံမူဝါဒ အကြံပြုချက်တွေ၊ ပညာရေးမူဝါဒတွေနဲ့ အထွေထွေမူဝါဒတွေကို အဓိကထား အသေးစိတ်ပြီး သုတေသနပြုစုထားတယ်လို့ ပြောပါတယ်။
အဲဒီပညာရေးမူဝါဒတွေကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)က အတည်ပြုထားပြီး စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) က မူအရ လက်ခံ အတည်ပြုထားပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံပညာရေးစနစ်မှာ မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေးစနစ်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရင် ရလဒ်တွေအနေနဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ ပညာသင်ကြားမှုမှာ တိုးတက်လာမယ့်အပြင် တိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာစကား၊ စာပေနဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်း ကာကွယ်ပေးလိုက်သလို ဖြစ်လာမယ်လို့ ပြောပါတယ်။
ဒါ့အပြင် အခန်း ၁၂ ခန်းပါတဲ့ ဒီစာတမ်းဟာ နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်လက်နက်ကိုင် ပဋိပက္ခ (ငြိမ်းချမ်းရေး) ဖြစ်စဉ်ကို မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံပညာရေးစနစ်က အထောက်အကူလည်းဖြစ်ဖို့ ယုံကြည်တယ်လို့ ပြောပါတယ်။
စာအုပ်မိတ်ဆက်ပွဲကို တိုင်းရင်းသား လူမျိုးများရေးရာစင်တာက ဒါရိုက်တာဘုတ်အဖွဲ့ဝင် စိုင်းညွန့်လွင်၊ အမှုဆောင်ဒါရိုက်တာ ဇိုသုန်းမှုန်၊ စာတမ်းသုတေသနရှင် ထောင်းကျင်ဆန်နဲ့ လက်ထောက် အမှုဆောင်ဒါရိုက်တာ ဒေါက်တာပညာမွန်တို့ကနေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။










