DVB Logo
Home
မြန်မာသတင်း
ရန်ကုန် ခုတင် ၅၀၀ ဆံ့ ဆေးရုံကြီးအနီး ပလက်ဖောင်းပေါ်၌  လူနာများ ညအိပ်စောင့်နေရ
DVB
·
May 10, 2018
ရန်ကုန် ခုတင် ၅၀၀ ဆံ့ ဆေးရုံကြီးအနီး ပလက်ဖောင်းပေါ်၌  လူနာများ ညအိပ်စောင့်နေရ
Donate to DVB

ရန်ကုန်မြို့ရှိ ခုတင် ၅၀၀ ဆံ့ အထူးဆေးရုံကြီးကို ရပ်ဝေးကနေ လာရောက် ဆေးကုသကြတဲ့ နာတာရှည်ရောဂါဝေဒနာရှင်တွေဟာ ရက်ချိန်းရဖို့ လမ်းဘေးပလက်ဖောင်းမှာ အိပ်ပြီး စောင့်ရတဲ့အတွက်  အခက်အခဲတွေ ဖြစ်နေပါတယ်။

ဆေးကုသမှု ခံယူနိုင်ဖို့အတွက် ဆေးရုံကိုလာရောက်ကြတဲ့ အသည်း၊ ကျောက်ကပ်၊ အဆုတ်နဲ့ နှလုံးရောဂါသည် နာတာရှည်ရောဂါဝေဒနာရှင်လူနာ မိသားစု အများစုဟာ ငွေကြေးအခက်အခဲတွေကြောင့် အခုလို လမ်းပေါ်မှာ အိပ်စက်နေကြရတာပါ။

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နေ နှလုံးနှင့် အဆုတ်ဝေဒနာရှင် မဇင်မာက “ဒီမှာအိပ်ရတာက နေ့ခင်းဘက် ပူထားတယ်၊ ညဘက်ကျတော့ အပူရှိန်က အောက်မှာရှိတဲ့အတွက် အိပ်လို့မရဘူးပေါ့။ မနက်ကတုန်းကဆို နှလုံးရော အဆုတ်ရော ဖြစ်နေတာဆိုတော့ အောက်က အပူရှိန်ဆိုတော့ မတတ်နိုင်ဘူး။ မောပြီး ကျပ်သလို ဖြစ်လာတယ်။ အဲဒါနဲ့ပဲ အတင်းကျုံးထပြီး ယပ်ခတ်နေရတယ်” လို့ ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်နေ အသည်းရောဂါဝေဒနာရှင် ဒေါ်စိန်ဝင်းက “ပြီးခဲ့တဲ့ ခုနစ်လပိုင်းကတည်းက လာလာပြရတယ်။ အခု ဆယ့်တစ်လပိုင်းကနေ နှစ်ကုန်ပြီး ၁ လပိုင်းကျတော့ ဆေးရုံတက်ရတယ်။ ရက်လေးဆယ်လောက် တက်ရတယ်။ တလ ဆေးသောက်ရမယ်ဆိုတော့ တလ ဆေးသောက်တယ်။ ပြီးတော့တခါ အသည်းကကြီးပြီး ကျပ်လာတော့ မနေနိုင်တော့ အခု ဆရာမက ခုနစ်ရက်ပြည့်တာနဲ့ တခါ ပြန်ပြပါတဲ့။ အခု နည်းနည်းတော်သေးတာ။ အစကဆို ခြင်တွေ လက်မောင်းသပ်ချရပါတယ်။ ဆေးရုံတက်ရမယ့် အပတ်ဆိုရင် ခြင်တွေ တော်တော်ကိုက်ပြီးတော့ မအိပ်ရဘဲ တညလုံး တငုတ်တုတ်တုတ် ထိုင်ပြီး မနက်မိုးလင်းတော့ ဆေးရုံ တန်းတက်ရတာပဲ။”လို့ပြောပါတယ်။

ရပ်ဝေးဒေသတွေဖြစ်တဲ့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့အပြင် ရန်ကုန်တိုင်း သန်လျင်၊ ကျောက်တန်းစတဲ့ အနီးနားမြို့နယ်တွေက ရောဂါဝေဒနာရှင်တွေလည်း ဒီခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံကို အများဆုံး လာရောက် ဆေးကုသမှုခံယူကြတာပါ။

နာတာရှည်ရောဂါ ခံစားနေရတဲ့ လူနာတွေအတွက်  ခရီးစရိတ်၊ စားစရိတ်နဲ့ ဆေးကုသ စရိတ်တွေပါ အကုန်အကျများနေလို့ အခုလို ဆေးရုံဘေးပလက်ဖောင်း လူသွားလမ်းပေါ် အိပ်စက်ပြီး ဆေးကုသဖို့ ရက်ချိန်းကို စောင့်နေရတာ ဖြစ်ပါတယ်။

လေးဘက်နာနဲ့ အသည်းအဆီဖုံးရောဂါဝေဒနာရှင် ဒေါ်သန်းသန်းဦးက “လက်တွေ၊ ခြေထောက်တွေက လေးဘက်နာဆိုတော့ အပူငွေ့တွေနဲ့ တင်းတာပေါ့။ ဆေးရုံလာပြတဲ့ အခါလေးမှာ မိုးလုံ လေလုံလေးတော့ နေချင်တာပေါ့” လို့ ပြောပါတယ်။

ကျောက်တန်းမြို့နယ်နေ လူနာစောင့် ဦးတင့်လွင်က “မိုးကာလ နီးလာပြီလေ။ ဒီပုံစံအတိုင်းတော့ ဘယ်လိုမှ မဖြစ်သင့်ဘူးလေ။ လူကြီး လူငယ်တွေ၊ ကလေးတွေ၊ အမျိုးသမီးတွေလည်း ပါတယ်။ အများကြီးပဲ” လို့ ပြောပါတယ်။

ရောဂါဝေဒနာခံစားနေရတဲ့ လူနာတွေအပြင် မိသားစုဝင် လူနာစောင့်နေအနေနဲ့ အခုလို လမ်းပေါ်မှာ အိပ်စက်ရတာကို ကိစ္စမရှိပေမယ့် မိုးရာသီရောက်ရင် အိပ်စက်ဖို့ နေရာမရှိမှာကို စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013