
ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင်း တပ်မတော်က လမ်းဖောက်လုပ်ရေး ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး စစ်အင်အားတိုးချဲ့တာဟာ တပ်မတော်အနေနဲ့ အန်စီအေစာချုပ်ကို ချိုးဖောက်တာဖြစ်ပြီး ပြင်းထန်စွာကန့်ကွက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဧပြီ ၃၀ ရက်နေ့ကစပြီး တပ်မတော်က စစ်အင်အားတိုးချဲ့ပို့ဆောင်လာသလို ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ရာနေရာတွေဖြစ်တဲ့ လယ်ယာ၊ ရေနုတ်မြောင်း တောင်ယာ စတဲ့ နေရာတွေကို တပ်ဖြန့် လှုပ်ရှားတဲ့အပြင် လမ်းဖောက်လုပ်ဖို့ စက်ယန္တရားတွေကို ပိုမိုတိုးချဲ့ဆောင်ရွက်ပြီး တွေ့ဆုံညှိနှိုင်းမှုတွေ မလုပ်ဘဲ တဖက်သတ် ဆုံးဖြတ်လုပ်ဆောင်လာတာကို တွေ့ရကြောင်း လည်း ဖော်ပြပါတယ်။
ဒီစစ်ရေးလှုပ်ရှားဟာ အန်စီအေပါ သဘောတူညီချက်ကို အလေးအနက်မထားတာ၊ ဆွေးနွေးဘက်ကို မလေးစားတာဖြစ်ပြီး တပ်မတော်ရဲ့ လုပ်ဆောင်မှုကို အန်စီအေချိုးဖောက်မှုအဖြစ် ကေအန်ယူက ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ပါတယ်။
ဒါကြောင့် တပ်မတော်အနေနဲ့ ယုံကြည်မှုကို ပျက်ပြားစေမယ့် တပ်အင်အားတိုးချဲ့တာနဲ့ လမ်းဖောက်လုပ်မှုတွေကို ရပ်ဆိုင်းပေးဖို့၊ ဖာပွန်ဒေသတွင်း တပ်ရင်းသစ်တွေ ထပ်မံစေလွှတ်တာကြောင့် စစ်ရေးတင်းမာမှု ဖြစ်ပ်ါလာတာကို အမြန်ဆုံး ဆွေးနွေးဖို့လည်း တောင်းဆိုထားပါတယ်။
ဖာပွန်ခရိုင် လူသောမြို့နယ်မှာ မတ်လ ၄ ရက်နေ့ကစပြီး တပ်မတော်က အင်အား အလုံးအရင်းနဲ့ တိုးချဲ့ဝင်ရောက်လာတဲ့အတွက် ကေအန်အယ်အေတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့သလို ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ကေအန်ယူအကြား စစ်ရေးတင်း မာမှုတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၁၅ ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC – U) အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျောက်ကြီးမြို့မှာ နှစ်ဖက်တပ်တွေ မတ် ၂၉ နဲ့ ၃၀ ရက်တွေမှာ တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီအစည်းအဝေးမှာ ကေအန်ယူတပ်မဟာ ၅ တပ်မှူး မတက်ရောက်လို့ ဆိုပြီး တပ်မတော်ဘက်က အစည်းအဝေးကို ဖျက်သိမ်းခဲ့ပါတယ်။
ဒီနောက်ပိုင်း တပ်မတော်ဘက်က ခေးပူနဲ့ လယ်မူပလောက်အကြား ဖောက်လုပ်မယ့် လမ်းအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ တပ်အင်အားတွေ ထပ်မံတိုးချဲ့လာတာလည်း ဖြစ်ပါတယ်။











